ကမ္ဘာ့အခင်းစင်မြင့်ထက်က SNR သန္ဓေတည်မှု

International Rubber Study Group (IRSG) သည် ၂၀၁၆ ခုနှစ်မတိုင်ခင်ကတည်းကပင် Sustainable Natural Rubber Initiative ကို အစပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စင်္ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Focus Forum on Sustainable Natural Rubber Initiative ကို MRPPA အသင်းမှ တက်ရောက်ခဲ့သည်။ ထိုမှတစ်ဆင့် MRPPA အသင်းသည် ၂၀၁၆ ခုနှစ်မှာပင် SNR ဟူသည့်အသုံးအနှုန်း အယူအဆအား မြန်မာနိုင်ငံ ရော်ဘာလုပ်ငန်းရှင်များထံသို့ စတင်မိတ်ဆက်ပေးခဲ့သည်။

မြန်မာနိုင်ငံ အတွက်မူ Sustainable Natural Rubber (SNR) ဟူသည့် အသုံးအနှုန်းကို ယခုချိန်ထိပင် အများလက်ခံပြီး ဖြစ်သည့် ဝေါရဟာ တစ်ခုအဖြစ် ဘာသာ ပြန်ဆိုနိုင်ခြင်းလည်း မရှိသေးပေ။ ထို့ကြောင့်လည်း ဤဆောင်းပါးတွင် Sustainable Natural Rubber (SNR) ဟူသည့် စကားစုအား “ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များဖြင့် သဘာဝရော်ဘာ ထုတ်လုပ်ရေး” ဟု ဆီလျော်အောင်သာ ဘာသာပြန်၍ ယာယီ သုံးစွဲမည် ဖြစ်သည်။

SNR ပေါ်ပေါက်လာရခြင်း၏ မူလလားရာကို ခြေရာကောက်ပါမူ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ ညီလာခံ၏ စီးပွားရေးရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (WBCSD) ၏ ကားတာယာ လုပ်ငန်းများ စီမံချက် (TIP) အစည်းအဝေးမှ စတင် အမန္တေ တည်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ထိုအစည်းအဝေးတွင် သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာ့လူမှုစီးပွား ကဏ္ဍများ အပေါ် ကောင်းမွန်သည့် သက်ရောက်မှုများ စဉ်ဆက်မပြတ် ပေါ်ပေါက်နေစေရန် ရည်ရွယ်၍ ကမ္ဘာလုံးဆိုင်ရာ မူဘောင်များ ချမှတ်၍ နိုင်ငံများမှ ဝိုင်းဝန်း အကောင်အထည် ဖော်ကြရန် ရည်ရွယ်၍ ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို အမန္တေ သည်လည်း ကုလသမဂ္ဂမှ ၂၀၁၅ ခုနှစ်တွင် ချမှတ်ထားခဲ့သည့် ၂၀၁၅-၂၀၃၀ နိုင်ငံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက် (၁၇) ချက်ကို အခြေခံ၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ၂၀၁၈ ခုနှစ်တွင် Global Platform for Sustainable Natural Rubber (GPSNR) ဟူသည့် နိုင်ငံတကာအဆင့် ရော်ဘာအဖွဲ့အား ဖွဲ့စည်း၍ ရေရှည် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ကဏ္ဍများအပေါ် အနှုတ်လက္ခဏာ ဆောင်သည့် သက်ရောက်မှုများကို လျှော့ချရန် ကမ္ဘာ့အသိုင်းအဝန်းများမှ စတင် စဉ်းစား ချင်းကပ် လာကြပေသည်။

ထို့ပြင် တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် လုပ်ထုံးလုပ်နည်း များဖြင့် သဘာဝ ရော်ဘာကို ထုတ်လုပ်ကာ ရော်ဘာကဏ္ဍအား အထိန်း အထေပြု၊ လမ်းကြောင်းဖော်ဆောင် နိုင်ရေး အတွက် မူဘောင်များ စတင်ချမှတ် ခဲ့ကြသည်။ GPSNR အဖွဲ့အား ဖွဲ့စည်းနိုင်ခဲ့ပြီးသည့်နောက်တွင် Sustainable Natural Rubber (SNR) ဟူသည့် စကားလုံးသည် တွင်တွင်ကျယ်ကျယ်ဖြင့် နိုင်ငံတကာ ရော်ဘာ အသိုင်းအဝိုင်းတွင် စတင် သုံးစွဲလာခဲ့ကြသည်။

မြန်မာ့ရော်ဘာကဏ္ဍနှင့် SNR

ကမ္ဘာ့ရော်ဘာကဏ္ဍသို့ SNR စတင် ဝင်ရောက်ခဲ့ပြီး မကြာခင်၌ပင် မြန်မာ့ရော်ဘာကဏ္ဍ ထဲသို့ SNR နေရာယူရန်အတွက် ခြေလှမ်းများ စတင်ခဲ့သည်။ မြန်မာနိုင်ငံမှ ရော်ဘာလုပ်ငန်းရှင်အချို့သည် Global Platform for Sustainable Natural Rubber (GPSNR) အဖွဲ့၏ အသေးစား ကိုင်ဆောင်သူ အဖွဲ့ဝင်အဖြစ် ၂၀၂၀ ခုနှစ် ဧပြီတွင် ဝင်ရောက်ခဲ့ကြောင်း GPSNR အဖွဲ့၏ ဝက်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုအချိန်ထိတိုင် မြန်မာနိုင်ငံအဖို့ “ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများဖြင့် သဘာဝရော်ဘာ ထုတ်လုပ်ရေး”နှင့် စပ်လျဉ်းသည့် နိုင်ငံအဆင့် အဖွဲ့အစည်းအား ဖွဲ့စည်း ထားနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် မြန်မာ့ရော်ဘာကဏ္ဍမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ရော်ဘာ အဖွဲ့အစည်း ကိုယ်စားပြု ဦးဆောင် ပုဂ္ဂိုလ်များ ပါဝင်၍ ၂၀၂၂ ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်ကြိမ် တိုင်တိုင် အကျေ အလည် ဆွေးနွေး ညှိနှိုင်း ခဲ့ပြီးနောက် “မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင်ရေး အသင်း” (Myanmar Sustainable Natural Rubber Association – MSNRA) အား စတင် ဖွဲ့စည်း ခဲ့ကြသည်။

(၁) ရော်ဘာစိုက်ပျိုး ၊ ထုတ်လုပ်၊ တင်ပို့ ရောင်းချမှု ကွင်းဆက်တစ်လျှောက် ပါဝင်သူများ၏ လှုမှု စီးပွားရေး ဘဝမြှင့်တင်ခြင်းဖြင့် မြန်မာ့ရော်ဘာ ရေရှည်တည်တံ့နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်။
(၂) မြန်မာ့ရော်ဘာကို SNR လမ်းစဉ်များအတိုင်း မြန်မာတစ်နိုင်ငံလုံးမှ ထုတ်လုပ် သွားကြရန်။
(၃) SNR လမ်းစဉ်များအတိုင်း လိုက်နာပြီး ထုတ်လုပ်ထားသော ရော်ဘာများကို ကမ္ဘာ့ဈေးကွက် ချဲ့ထွင်ရန်။
MSNRA အဖွဲ့သည် အဆိုပါ ရည်ရွယ်ချက် (၃) ရပ် ထားရှိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေရှည်တည်တံသော အစီအမံများဖြင့် သဘာဝရော်ဘာ ထုတ်လုပ်ရေးအဖွဲ့ (Myanmar Sustainable Natural Rubber Association – MSNRA) အား ဖွဲ့စည်း ခဲ့ကြောင်းလည်း MSNRA အဖွဲ့က ပြောကြား ထားသည်။
ထိုသို့ မြန်မာ့ရော်ဘာကဏ္ဍထံ SNR စတင် မိတ်ဆက်ခဲ့ပြီးနောက် ရော်ဘာ စိုက်ပျိုး၊ ထုတ်လုပ်၊ ကုန်သွယ်၊ တင်ပို့ ရောင်းချ ကြသည့် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်နေသူများမှ SNR ဟူသည့် ဝေါဟာရ၏ အနက်နှင့် အဓိပ္ပါယ်အား ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် အတွက် သန်ရာသန်ရာ စတင်အဖြေရှာ လာကြပေသည်။

SNR နှင့် သဘာဝရော်ဘာ အနာဂါတ်အလားအလာ

မြန်မာမှု ပြုထားပြီး ဖြစ်သည့် SNR နှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် ရှင်းလင်းချက် မရှိထား သော်ငြားလည်း စကားချပ် အနေဖြင့် ကနဦး ရှင်းလင်းတင်ပြ လိုသည်မှာ SNR ဟူသည်မှာ လမ်းစဉ် တစ်ခု ဖြစ်သည်။ နိုင်ငံတစ်ကာ ရော်ဘာကဏ္ဍတွင် ရေရှည်၌ သဘာဝရော်ဘာ ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ကဏ္ဍအပေါ် အနှုတ်လက္ခာ ဆောင်သည့် သက်ရောက်မှုများ လျော့ချနိုင်ရန်အတွက် ရော်ဘာစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချရာ၌ လိုက်နာကျင့်ကြံသင့်သည့် နိုင်ငံတစ်ကာ “ဘုံ” ကျင့်စဉ် တစ်ခုကို ဖော်ထုတ် ထားခြင်းဟု အလွယ်ယူဆ၍ ရပေသည်။

နိုင်ငံတစ်ကာ ရော်ဘာကဏ္ဍတွင် ထိုသို့ သဘာဝရော်ဘာ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချ ရာတွင် ထိုနိုင်ငံတစ်ကာ ဘုံကျင့်စဉ် “SNR” အား တွန်းအားပေး လာမည် ဆိုပါက၊ မြန်မာနိုင်ငံ၏ ရော်ဘာ ကဏ္ဍ အပေါ်သို့လည်း သက်ရောက်မှု ရှိလာမှာ မလွဲပင် ဖြစ်သည်။

သာဓက အားဖြင့် Appollo တာယာ ကုမ္ပဏီမှ ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ၎င်းတို့ထံ သဘာဝရော်ဘာ တင်ပို့ ရောင်းချနေသူများ အနေဖြင့် GPSNR က ချမှတ် ထားသည့် လမ်းညွှန်ချက်များအား လိုက်နာ၍ ထုတ်လုပ်ထားသည့် သဘာဝ ရော်ဘာများကိုသာ ဝယ်ယူ၍ တာယာထုတ်လုပ်ရေး၌ အသုံးပြုမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာ ထားသည်။

ထို့ပြင် ကမ္ဘာ့တာယာ ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Michelin ကုမ္ပဏီ၏ Senior Vice President ဖြစ်သူ Nicolas Beaumont က “SNR ဆိုတာ Michelin ကုမ္ပဏီ အတွက် လူ့အခွင့်အရေးကို အာမခံပေးတဲ့၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူမှုစီးပွားကို မြှင့်တင်ပေးတဲ့ ပြီးတော့ သစ်တောနဲ့ သဘာဝ ဂေဟ စနစ်ကို အကာအကွယ်ပေးတဲ့ အရာတွေပါ” ဟု ရှုမြင်ကြောင်း ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

ထို့ပြင် Nokian နှင့် Continental ကဲ့သို့ တာယာ ကုမ္ပဏီကြီးများကလည်း သဘာဝ ရော်ဘာ ကုန်ကြမ်းဝယ်မှု လုပ်ငန်းစဉ်များတွင် SNR မူဘောင်များအား လေးစား လိုက်နာသည့် လုပ်ထုံးလုပ်နည်း များဖြင့် ကုန်ကြမ်းများ ဝယ်ယူစုဆောင်ကာ ၎င်းတို့၏ ထုတ်လုပ်ရေး လုပ်ငန်းခွင်များတွင် သုံးစွဲသွားရန်အတွက် လုပ်ထုံးလုပ်နည်းများ ချမှတ် ထားသည်ကိုလည်း တွေ့ရှိ ရပေသည်။

ထိုလားရာများကို ကြည့်ပါမူ အနာဂါတ်တွင် SNR ရော်ဘာများ ဈေးကွက် မျက်နှာပန်း ပိုလှ၍ ဝယ်လိုအား မြင့်လာနိုင်သည့် အနေအထား ရှိလာမည်ဟု ခန့်မှန်း သုံးသပ် ရပေသည်။ မြန်မာနိုင်ငံအဖို့လည်း ဈေးကွက် တောင်းဆိုချက်အရ တစ်ခေတ်ဆန်းလာမည့် SNR ရော်ဘာကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်မှ သာလျှင်လင်း ရေရှည် အတွက် ခိုင်မာသည့် ကမ္ဘာ့ဈေးကွက် နှင့် ဝယ်လိုအားကို ရောက်ရှိ နိုင်မည်ဟု MSNRA ဥက္ကဋ္ဌ ဒေါက်တာယုစိန်က သုံးသပ်ထားသည်။

“မြန်မာ့ရော်ဘာက နိုင်ငံတကာဈေးကွက်မှာ အနှိမ်ခံရတယ်၊ မျက်နှာပန်း မလှဘူး ဆိုပြီးရှိနေတယ်။ အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံမှာ SNR ဆိုတဲ့ဟာကို လိုက်လုပ်နိုင်လို့ရှိရင် အဲ့ဒီ အထင်သေး အမြင်သေး ဖြစ်နေ တာတွေကို ချေဖျက်သွားနိုင်တယ်။ မြန်မာကလည်း SNR Title နဲ့ Supply လုပ်နိုင်တယ် ဆိုတဲ့ Title တစ်ခုကို အသားယူပြီးတော့ ဝင်လာတဲ့ အချိန်မှာ International Rubber Market ကို Bad Image ကနေပြီးတော့ Good Image ကိုရသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် လာမည့် အနာဂါတ်ကာလ ကမ္ဘာ့ရော်ဘာ အခင်းအကျင်းသည် SNR ဆီသို့ ပို၍ ဦးတည် လာမည်ဟု သုံးသပ် ရပေသည်။ ထို့ကြောင့် မြန်မာ့ရော်ဘာကဏ္ဍတွင် အကျုံးဝင် ပတ်သက်နေသူများ အနေဖြင့် ကမ္ဘာ့ရော်ဘာကဏ္ဍ၏ တစ်ဆစ်လှည့် အချိုးအကွေ့ကိုလည်း ဂရုပြုရမည်ဖြစ်ပြီး၊ ကမ္ဘာ့ရော်ဘာ စီးကြောင်းကိုလည်း လိုက်ပါ၊ စီးမျောလုပ်ဆောင် သွားနိုင်မှသာ ပို၍ ကောင်းမွန်သည့် အရည်အသွေးများဖြင့် သဘာဝရော်ဘာများကို ထုတ်လုပ်၍ မျက်နှာပန်း လှလှဖြင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက် ရောင်းချ နိုင်မည် ဖြစ်ပေသည်။