မိရိုးဖလာ မိသားစု လုပ်ငန်းကို ဆက်ခံရင်းဖြင့် ရော်ဘာလုပ်ငန်းကဏ္ဍကို ထဲထဲဝင်ဝင် ပါဝင်လာခဲ့ရချိန်မှာ ကျွန်တော် သိလာရတာက နိုင်ငံတကာ မျက်နှာစာမှာ မြန်မာ့ရော်ဘာရဲ့ အခန်းကဏ္ဍဟာ အတော်လေး နိမ့်ကျလျက် ရှိနေတယ် ဆိုတာကို သိရှိ လာရတယ်။

ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကျွန်တော် စိတ်ဆန္ဒ ရှိခဲ့တယ်၊ ဒီလို သွားတဲ့ နေရာမှာ ကျွန်တော့်လိုပဲ ရော်ဘာတောင်သူ၊ ရော်ဘာ လောကထဲက ညီအစ်ကို တွေကိုလည်း စုစုစည်းစည်းနဲ့ လိုက်ပါပြီးတော့ ကြိုးပမ်း ဆောင်ရွက် သွားဖို့လည်း ကျွန်တော် စိတ်ဆန္ဒရှိတယ်၊ လက်ရှိမှာလည်း ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေပါတယ်။

အထက်မှာ ပြောခဲ့သလိုပဲ ကျွန်တော်သည် မိရိုးဖလာ လုပ်ငန်းကို ဆက်ခံရင်းနဲ့ပဲ ဒီရော်ဘာလောကထဲကို ရောက်လာရတာ ဖြစ်ပါတယ်။ အခုတောင်သူတွေ ခြံငယ်ရှင်တွေ ထုတ်လုပ်နေခဲ့သလိုပဲ ကျွန်တော်တို့လည်း နှစ်ပေါင်းများစွာ နည်းလမ်းဟောင်းတွေ အတိုင်း ထုတ်လုပ်လာခဲ့သူတွေ ဖြစ်ပါတယ်။
ကျွန်တော်နဲ့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ တီထွင် ကြံဆမှုတွေ ပြုလုပ်ခဲ့တယ်၊ ခေတ်စနစ်နဲ့ အညီ ပြုပြင် ပြောင်းလဲသင့်တဲ့ အရာတွေကို ရဲရဲတင်းတင်းပဲ ပြုပြင်ပြောင်းလဲခဲ့တယ်။ နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာ နိုင်ဖို့ အတွက် အချိန်ယူ ပြင်ဆင် ခဲ့တယ်။

ဒီတွန်းအားတွေ၊ ကြိုးပမ်းမှုတွေရဲ့ အသီးအပွင့်အနေနဲ့ “မြန်မာ့ရော်ဘာ” ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ဖော်ကျုးပြီးတော့ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အတွက် ကျွန်တော် ကြိုးပမ်းဆောင်ရွက်ခဲ့တာ အခုဆိုရင် ကမ္ဘာ့နာမည်ကျော် Bridgestone တာယာကို ကျွန်တော်တို့ ရောင်းချနိုင်ခဲ့ပြီ ဖြစ်တယ်။ အဲဒီရဲ့ အောင်မြင်မှု တွေကိုလည်း အခုအချိန်မှာ ကျွန်တော် ခံစားနေရပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့လိုပဲ မြန်မာနိုင်ငံမှာရှိတဲ့ ရော်ဘာတောင်သူတွေ ခြံငယ်ရှင်တွေကစ၊ စက်ရုံကြီးတွေ အထိက နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အတွက် အခွင့်အရေးရှိတယ်၊ လမ်းကြောင်းတွေလည်း ရှိတယ်၊ တစ်ကယ်လုပ်ရင် အဟုတ်ဖြစ်နိုင်ပါတယ် ဆိုတာကို ကျွန်တော် လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။

ဒီအမှာစာနဲ့အတူ လက်ရှိ ကမ္ဘာ့ရော်ဘာ အခြေအနေ၊ အခင်းအကျင်းနဲ့အတူ အရေးကြီးတဲ့ အချက် တစ်ချက်ကို ကျွန်တော် ပြောပြချင်တာက၊ လာမယ့် ၂၀၃၀ မှာ ကမ္ဘာ့ရော်ဘာ အခင်းအကျင်းက Sustainable Natural Rubber (SNR) ဆိုတဲ့ အခြေအနေကို သွားဖို့အတွက် အားစိုက် ပြင်ဆင်နေကြတယ် ဆိုတာကိုလည်း ကျွန်တော်တို့ မျက်ခြေမပြတ်သင့်ဘူး။

ကျွန်တော်တို့ကို ထမင်းကျွေးတဲ့၊ ကျွန်တော်တို့ရဲ့ မိသားစုချမ်းသာ ကြွှယ်ဝမှု၊ နိုင်ငံချမ်းသာကြွှယ်ဝမှု တွေကို ဖော်ဆောင်ပေးနေတဲ့ ရော်ဘာကြောင့် ကျွန်တော်တို့ လူမှုစီးပွားနဲ့ သဘာဝ ပတ်ဝန်းကျင်ကြီး အဆိပ်အတောက် ဖြစ်လို့ မရပါဘူး။ ရော်ဘာသည် မြေ၊ ရေ၊ လေ၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွား အခြေအနေ အရပ်ရပ်ကို မီခိုပြီးတော့ ကျွန်တော်တို့ လုပ်ကိုင် ရတာကြောင့်၊ ကျွန်တော်တို့ရယ် ရော်ဘာရယ်၊ သဘာဝ ပတ်ဝန်းကျင်ရယ်၊ လူမှုစီးပွားရယ် ဒါတွေအားလုံး ဟန်ချက်ညီညီ သဟဇာတဖြစ်ဖြစ်နဲ့ ရေရှည်တည်တံ့မှုတွေနဲ့ ရော်ဘာကို ဆက်လက် စိုက်ပျိုး ထုတ်လုပ် သွားဖို့ ကျွန်တော်တို့ လုပ်ဆောင် ရပါမယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံက ရော်ဘာ စိုက်ပျိုး ထုတ်လုပ်ရေးနဲ့ ပြောမယ် ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အတော်လေးကို နိမ့်ကျနေဆဲ ဖြစ်တဲ့ အခြေအနေမှာပဲ ၊ ကမ္ဘာ့ရော်ဘာ အခင်းအကျင်းက နောက်ထပ် အရွေ့ တစ်ခုကို ဆက်သွားဖို့ အတွက် အားယူတာစူနေပြီဆိုတာ ကျွန်တော်တို့ မြင်ရပါမယ်။

ဒီအခင်းအကျင်း မှာလဲ ကျွန်တော်တို့ နောက်ကောက်ကျ ကျန်နေခဲ့လို့ မရပါဘူး၊ ဒီခရီးကို ရော်ဘာ လောကသားတွေ အားလုံးနဲ့ အတူတူ ကျွန်တော်တို့ ညီညီညွတ်ညွတ် ချီတက်သွားရမှာ ဖြစ်ပါတယ်။ မြန်မာ့ရော်ဘာ တစ်ခေတ်ဆန်းဖို့ ဆိုတဲ့ နေရာမှာ မူဝါဒ၊ နည်းပညာ၊ ဈေးကွက်၊ စုပေါင်း အကောင်အထည် ဖော်မှုစတဲ့ ဘက်ပေါင်းစုံ ကနေ ဝိုင်းဝန်း တွန်းအားပေးဖို့ လိုပါတယ်။

မိမိတို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အခန်းကဏ္ဍ တွေကနေ ကြိုးကြိုးစားစား ပါဝင်ဆောင်ရွက်ကြပြီးတော့ “မြန်မာ့ရော်ဘာ” ဆိုတဲ့ ဂုဏ်ပုဒ်တစ်ကို ကမ္ဘာ့အခင်းအကျင်းထဲ တည်ဆောက်ခဲ့ပြီး ကျွန်တော်တို့ သားစဉ် မြေးဆက်တွေ အတွက် ကောင်းမွေလေး ချန်ခဲ့ပေးနိုင်အောင် အတူတကွ ကြိုးစားကြဖို့ အတွက် ကျွန်တော် ဖိတ်ခေါ် လိုပါတယ်။

ကျွန်တော်တို့ ရော်ဘာလောကသားများ အနာဂါတ်မှာ ကျွန်တော်တို့ သားစဉ်မြေးဆက်များ အတွက် –
(၁) ကျန်းမာ ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်၊ ခိုင်မာစုစည်းတဲ့ လူမှုအဝန်း၊ သာတူ ညီမျှမှုရှိတဲ့ ထုတ်လုပ် ရောင်းချမှု စနစ်တွေကို အမှီသဟဲပြုပြီး ရော်ဘာ လုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ကိုင် သွားနိုင်ဖို့။

(၂) “မြန်မာ့ရော်ဘာ” လို့ပြောလိုက်ရင် နိုင်ငံတကာ မျက်နှာစာမှာ လိုချင်တပ်မက်ဖွယ် ကောင်းတဲ့ ဂုဏ်သတင်း ကျောဇောမှု ရှိအောင် တည်ဆောက်ထားဖို့။

စတဲ့ ရော်ဘာကဏ္ဍနဲ့ ပတ်သက်တဲ့ ကောင်းမွေတွေကို ချန်ခဲ့ပေးနိုင်ဖို့အတွက် ကျွန်တော်တို့နဲ့ အတူတူ လိုက်ပါကြိုးပမ်း ဆောင်ရွက်ဖို့ အတွက် လေးလေးနက်နက် ဖိတ်ခေါ် တိုက်တွန်း ပါရစေခင်ဗျာ။

ချစ်ကြည်လေးစားစွာဖြင့်
ဒေါက်တာယုစိန်
ဥက္ကဋ္ဌ

Myanmar Sustainable Natural Rubber Association
#rubber_insight_series