(3) Rust (သံချေးကွက်များ)
ဒီ Rust ခေါ် အညိုရောင် အနီရောင်အညစ်အကြေးများကိုခြံငယ်များမှထုတ်လုပ်တဲ့လက်ကြိတ်ရာဘာပြားတွေမှာအများဆုံးတွေ့ရတတ်တယ်။ သူကပါးလွှာတဲ့အလွှာတစ်ထပ်လိုအပြားမျက်နှာပြင်မှာဖုံးနေတတ်ပြီး ပေါင်ဒါမှုန့်နဲ့ဖြူးကြည့်ခြင်း ၊ အပြားမျက်နှာပြင်ကိုတစ်ခုခုနဲ့ခြစ်ကြည့်ခြင်းများဖြင့်ထင်ရှားစွာတွေ့ရတတ်တယ်။ ရေးဆေးသော်လည်းမပြောင်စင်တတ်။ တစ်ခါတရံမှိုင်းရုံမှာဖြစ်တတ်တဲ့ black streak ခေါ်အမည်းစင်းများနဲ့လည်းဆင်တူတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကတော့အပြားလှန်းထားချိန်မှာ ရာဘာမဟုတ်သောအခြားပြင်ပမှအရာဝတ္တုများအချဥ်ပေါက်ပြီးဘက်တီးရီးယားနှင့်မှိုများပေါက်ဖွားကာ ရာဘာပြားရဲ့မျက်နှာပြင်မှာစွဲကပ်နေခြင်းေကြာင့်ဖြစ်တယ်။ ဒီသံချေးကွက်များဖြစ်ရခြင်းကိုခြေရာခံကြည့်ပါက
(3.1) အပြားကြိတ်ပြီးချိန်နှင့်ကြိတ်နေစဥ်မှာကြိတ်လုံးများကိုရေလုံးဝမပေးခြင်းနှင့်ပေးသော်လည်းမလုံလောက်ခြင်း
(3.2) ကြိတ်ပြီးသားအပြားများကိုရေဖြင့်စင်ကြယ်စွာမဆေးကြောခြင်း
(3.3) အစိုပြားများအားရေစစ်ချိန်အလွန်ကြာခြင်း
(3.4) မှိုင်းရုံလေဝင်လေထွက်မကောင်းခြင်းနှင့် Day 1,2 တွင်မီးအပူချိန်နည်းခြင်း
(3.5) ကြိတ်စက်တွင်ကြိတ်လုံးများကိုရေမပေးခြင်းကြောင့် အပြားကြိတ်ရာမှထွက်လာသောအရိအချွဲအရည်များ ရာဘာပြားမျက်နှာပြင်တွင်စွဲကျန်နေခြင်းကြောင့်ဖြစ်ရတယ်။
ကာကွယ်ဖို့ဆိုရင်
(3.1.1) အပြားကြိတ်ပြီးချိန်တွင်ရာဘာပြားအားရေသန့်သန့်တွင်နှစ်၍စင်ကြယ်စွာလျှော်ဖွပ်ဆေးကြောပါ။ အထူးသဖြင့်လက်ကြိတ်ရာဘာစက်များတွင်ကြိတ်လုံးအားရေပေးစနစ်တပ်ဆင်ရန်
(3.2.2) ရေစစ်ချိန်အား 2 နာရီမှ 3 နာရီထက်မပိုရန်
(3.3.3) ရေစစ်ပြီးသောအပြားများအားမှိုင်းရုံအတွင်းစောလျင်စွာထည့်ရန်နှင့် အပူချိန်ကို 50° C ပေးထားရန်
(3.4.4) မှိုင်းထိုးသည့်ပထမရက်များတွင်ရာဘာပြားများမှထွက်လာသည့်ရေငွေ့များထွက်နိုင်ရန်အတွက်ခေါင်းတိုင်ရှိလေတံခါးများကိုဖွင့်ထားရန်လိုအပ်တယ်။
(4) Tackiness ( အစေးပေါက်ခြင်း/ စေးကပ်ခြင်း)
ရာဘာပြားစေးကပ်ကပ်ဖြစ်နေရခြင်းရဲ့အဓိကအကြောင်းရင်းကတော့
(4.1) အပြားလှဆေး (sodium bisulphite) ကိုလွန်ကဲစွာသုံးခြင်း
(4.2) မှိုင်းမီးအပူချိန်အလွန်မြင့်ခြင်း (60• Cထက်မကျော်ရန်)
(4.3) မှိုင်းမီးထိုးသည့် day 1,2 တွင်မီးအပူချိန်နည်းခြင်း
(4.4) စိုက်ခင်းများတွင်သုံးသည့်ကော့ပါးပါသောပိုးသတ်ဆေးအကြွင်းအကျန်များပါလာခြင်းနှင့် စက်ရုံတွင်အသုံးပြုသည့်ရေတွင် copper ပမာဏများနေခြင်း
(4.5) ကြိတ်စက်များမှအမဲဆီနှင့်အခြားသောဆီများနှင့်ထိတွေ့မိခြင်း
(4.6) အပင်ငယ်များအစေးစဖွင့်သည့်အစောပိုင်းနှစ်များတွင်အစေးရည်၌ magnesium ဓာတ်လွန်ကဲစွာပါဝင်နေခြင်းများကြောင့်ဖြစ်တယ်။
(5) Greasiness (ရာဘာပြားချွဲခြင်း)
တခါတရံမှာရာဘာပြားဟာမှိုင်းရုံမှထုတ်လာပြီးမကြာခင်မှာချွဲနေတတ်ပြီးအစိုပြန်လာတတ်တယ်။ ဖြစ်ရတဲ့အကြောင်းရင်းက အပြားကြိတ်နေချိန်နေစဥ်နှင့်ကြိတ်ပြီးချိန်မှာရေလုံလောက်စွာမပေးခြင်း၊ ရေမသန့်ခြင်းနှင့်ရာဘာပြားများကိုရေထဲတွင်နှစ်၍အပြားမျက်နှာပြင်ပေါ်ရှိအချွဲရည် (serum)များကိုပြောင်စင်အောင်မဆေးကြောခြင်းကြောင့်ဖြစ်ရတယ်။ ဒီအခါ ဒီအချွဲရည်များမှပါတ်ဝန်းကျင်လေထုရှိရေငွေ့များကိုစုပ်ယူပြီးရာဘာပြားမျက်နှာပြင်မှာချွေးထွက်သကဲ့သို့ဖြစ်စေပြီး ချွဲလာခြင်းဖြစ်တယ်။
(6) Mould (မှိုများ)
ရာဘာပြားတွင်ရေပါဝင်မှု 0.8% ထက်ကျော်တဲ့အခါမှိုတက်ပါတယ်။ ဒီမှိုတွေဟာအပြားမျက်နှာပြင်မှာသာမက အပြားအတွင်းသို့လည်းစိမ့်ဝင်ပေါက်ပွားတတ်တယ်။ ယေဘုယျအားဖြင့်မှိုင်းကျရာဘာပြားမှာရေပါဝင်မှုသည် 0.5 %အောက်နည်းသော်လည်း ပါတ်ဝန်းကျင်လေထုထဲ၏စိုထိုင်းဆများလာတဲ့အခါမှိုများပေါက်ဖွားလာတတ်တယ်။ မှိုင်းရုံနှင့်သိုလှောင်ရာအခန်းများလေဝင်လေထွက်မကောင်းခြင်း၊ အင်္ဂတေကြမ်းပြင်တွင်ထားခြင်း၊ မှိုင်းထိုးသည့်ပထမရက်များတွင်မီးအပူချိန်နည်းခြင်းများကြောင့်အများဆုံးဖြစ်ရတယ်။ 0.1% Paranitrophenol ( PNP) ဖျော်ရည်တွင် မိနစ် 20 ခန့်စိမ်ရန် ၊ လေဝင်လေထွက်ကောင်းသည့်အခန်းနှင့်သစ်သားကွပ်ပျစ်ပေါ်တွင်ထားရန်၊ လေလုံအောင်မဖြစ်မနေပလတ်စတစ်အိတ်စွပ်ပြီးမှသိုလှောင်ရန်လိုအပ်တယ်။ အကယ်၍ မှိုတက်လာပါက 0.5% formalin ဖျော်ရည် သို့မဟုတ် ဆပ်ပြာရေမှာစိမ်၍ဘရပ်ရှ်ဖြင့်စင်ကြယ်အောင်တိုက်ပြီးဆေးကြောရန်နှင့် ရာဘာပြားခြောက်သွေ့စေရန် 12 မှ 24 hrs အထိမှိုင်းငွေ့ပြန်ပေးရန်လိုအပ်တယ်။ မှိုင်းရုံများတွင်မှိုစွဲကပ်ပါက 1%ပြင်းအားရှိ formalin ပျော်ရည်ကိုမှိုင်းရုံအတွင်းပိုင်းနေရာအနှံ့ပက်ဖျန်းရန်နှင့်အထိရောက်ဆုံးနည်းကတော့ 38%ပြင်းအား ဖော်မလင်ပျော်ရည် 2 to 4 လီတာကိုမှိုင်းရုံအတွင်းအငွေ့ပျံစေပြီး 24 နာရီထားပေးရပါမယ်။
(7) Glossy surface ( အဆီပြန်ခြင်း)
မှိုင်းထင်းအစိုသုံးခြင်းကြောင့်သစ်ဆီများအပြားမျက်နှာပြင်မှာစွဲကပ်ပြီး အဆီပြန်ခြင်းဖြစ်သည်။ ထင်းအခြောက်ကိုသာသုံးရန်သတိပြုရပါမယ်။
(8)Specky Sheet ( ဖားဥပုံစံအစက်အပြောက်များ)
ရာဘာအစိမ်းပြားများလှန်းထားချိန်မှာတွေ့ရတတ်တဲ့အဖြူပေါ်တွင်အနက်ရောင်အစက်များကို specky လို့နားလည်ရလွယ်ရန်ပြန်ဆိုခြင်းဖြစ်တယ်။ သို့သော်အရောင်များကိုပုံသေမမှတ်သင့်။ မူရင်းအာဘော်ကရာဘာပြားတစ်ခုလုံး၏အရောင်နှင့်မတူပဲအရောင်ကွဲထွက်နေသောအစက်ကလေးများလို့ဆိုတယ်။ ဒါကြောင့်အခြားသောအရောင်များလည်းဖြစ်နိုင်တယ်။ ဒီ specky ဖြစ်ရတဲ့အကြောင်းကတော့ အလွန်သေးငယ်သောအညစ်အကြေးများအစေးခဲရာတွင်ပါဝင်တာကြောင့်ဖြစ်တယ်။ အထူးသဖြင့်အသုံးပြုသောရေတွင် colloid ခေါ်မမြင်ရသည့်အနယ်များပါခြင်း၊ အစေးစစ်သည့်အခါဇကာအားလက်ဖြင့်အတင်းဖိချခြင်းကြောင့်ဖြစ်ရတယ်။ အစေးခဲပြီးပါကကန်များ၊ ဗန်းများကိုဖုံးအုပ်ထားရန်လိုအပ်သလိုဒီအဖုံးတွေကိုလည်းစင်ကြယ်အောင်ဆေးကြောထားရပါမယ်။ အစေးခဲမည့်ရေအားလည်းဂျုံစစ် (325 mesh)ဖြင့်စစ်ရန်လိုတယ်။ တခါတရံရေပိုက်များတွင်နေရောင်ကြောင့်ရေမှော်များပေါက်ပွားခြင်း၊ ရေတွင်သံဓာတ်များနေပါကပိုက်များ၊ တိုင်ကီများအတွင်း iron bacteria များပေါက်ပွားခြင်းများကြောင့်အနည်ထိုင်ကန်တွင်စစ်ထားသောရေကိုသုံးပေသော်ငြားလည်းအစေးခဲရေထည့်မည့်ပိုက်ပျော့များထိပ်တွင်ဂျုံစစ်ကိုမဖြစ်မနေတပ်ထားရပါမယ်။
ထို့အပြင်ထုတ်လုပ်လိုင်းတလျောက်အသုံးပြုသည့်ပစ္စည်းကိရိယာများမသန့်ရှင်းခြင်းကြောင့်ဘက်တီးရီးယားများပေါက်ပွားကာအစေးရည်အချဥ်ပေါက်ခြင်း fermentationနှင့် enzymatic တို့နှင့်လည်းဆက်စပ်နေတတ်တယ်။
(9) Ash particles on the sheet (ပြာမှုန်များ)
မီးဖိုတံခါးများမလုံခြင်း သေးငယ်ခြင်းနှင့်မီးထိုးသမား၏ပေါ့ဆမှုများကြောင့် မီးဖိုအတွင်းလေဝင်များသည့်အခါမီးပြင်းထန်စွာလောင်ကျွမ်းပြီး ပြာမှုန်များမီးလိုင်းတလျှောက်လွင့်စင်ပြီးဒီပြဿနာဖြစ်ရတယ်။ မှန်ကန်သည့်မီးဖိုဒီဇိုင်းကိုသုံးရန်၊ အထူးသဖြင့်လိုအပ်သလိုထိန်းညှိနိုင်သည့်လေတံခါးများတပ်ဆင်ရန်၊ မီးလိုင်းရှိပြာတံခါးနှင့်မီးဖိုတံခါးနှစ်ခုအားတစ်ခုဖွင့်တစ်ခုပိတ်ဖြစ်စေရန်နှင့်မီးလိုင်းများတွင်ပြာစစ်ဇကာအားမဖြစ်မနေတပ်ဆင်ရန်လိုအပ်တယ်။
(10) Tar spots and black streak ( ကတ္တရာစေးလိုအကွက်များနှင့်အမည်းအစင်းများ)
မှိုင်းရုံ၏မျက်နှာကျက်များမှရေကျသည့်အခါ ဒီပြဿနာကိုအများဆုံးတွေ့ရပါတယ်။ အထူးသဖြင့် မီးခိုးခေါင်းတိုင်များရဲ့တည့်တည့်နေရာများရှိရာဘာပြားများတွင်အများဆုံးတွေ့ရတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက ခေါင်းတိုင်များဟာသွပ်သို့မဟုတ်စတီးနှင့်ပြုလုပ်ထားတတ်ပြီး မှိုင်းရုံအတွင်းဘက်ရှိအစနှင့်အမိုးပေါ်ရှိအခြားအစတစ်ခုတို့အပူချိန်မတူ။ ညဘက်များတွင်ပြင်ပလေထုအပူချိန်အေးတဲ့ခါ မှိုင်းငွေ့များငွေ့ရည်ဖွဲ့ပြီးခေါင်းတိုင်တလျှောက်မှိုင်းရုံအတွင်းရေများကျလာတတ်ပြီး ဒီရေတွေဟာမှိုင်းခန်းအတွင်းရှိကျပ်ခိုးများနှင့်ရောစပ်ပြီးအမည်းရောင်အရည်များအဖြစ်ရာဘာပြားတွင်စွန်းထင်းမှုဖြစ်တယ်။ ခေါင်းတိုင်များအောက်တွင်ရေခံမည့်ခွက်များတပ်ဆင်ပြီးနံရံဘက်သို့လမ်းလွှဲပေးရန်၊ ဖြစ်နိုင်ပါကမျက်နှာကျက်အား V shape ပုံစံတပ်ဆင်ရန်လိုအပ်ပါတယ်။ ဒီ black streak တွေဟာ ရာဘာပြားများကြိတ်ပြီးချိန်တွင်ရေစင်အောင်မဆေးကြောတဲ့အတွက်ဖြစ်တတ်တဲ့အမည်းရောင်ရေစီးကြောင်းအစင်းများနဲ့ရောထွေးတတ်တယ်။ Black streak အမည်းအစင်းကြောင်းများကအရွယ်အစားပိုကြီးပြီး၊ rust ဖြစ်စေတဲ့အမည်းအစင်းများကသေးသွယ်တတ်ပါတယ်။
(11) Thick Edges ( အနားများထူခြင်း)
အစေးခဲရာတွင်ရောစပ်သည့်ရေနည်းခြင်း၊ အက်ဆစ်နည်းခြင်း၊ အစေးခဲကန်များ ဗန်းများပုံစံမမှန်ခြင်း၊ အောက်ခံကြမ်းပြင်မညီခြင်း၊ အပြားကြိတ်သည့်အခါအနားများထပ်မိပြီးကြိတ်မိခြင်းနှင့် အစေးခဲကန်ရှိဆလိုက်ပြားများမှားထည့်ခြင်း၊ ပိုင်းထားသည့်အကန့်များမညီခြင်းများကြောင့်ဖြစ်ရတယ်။ တခါတရံကြိတ်စက်ရှိနောက်ဆုံးကြိတ်လုံးများအထူအပါးကိုချိန်ညှိပေးရန်လည်းလိုအပ်တယ်။
(12) Discolouration of coagulum( အရောင်ပျက်ခြင်း)
အများအားဖြင့်ဒီရောဂါကို Oxidation လို့လူသိများတယ်။ အစေးခဲသွားသည့်အခါ ကန်၏မျက်နှာပြင်ဆီသို့တက်လာပြီးလေနှင့်ထိတွေ့ကာအရောင်ပြောင်းသွားခြင်းဖြစ်တယ်။ အစေးခဲပြီး 2hrs အတွင်းအစေးခဲကန်များအား အနည်းဆုံး 1 to 2 လက်မအထူဖြင့်ရေဖုံးအုပ်ရန်၊ ဖြစ်နိုင်ပါကဒီဖုံးအုပ်မည့်ရေအား sodium bisulphite အနည်းငယ်ထည့်ရန်လိုအပ်တယ်။ ဒါ့အပြင်ရေစစ်ချိန်ကြာမြင့်ပါကလည်းရာဘာပြားမျက်နှာပြင်တွင်အရောင်ပျက်နေသောအကွက်များပေါ်တတ်ပါတယ်။ သေးငယ်ပါကမှိုင်းမီးထိုးသည့်အခါပျောက်သွားပြီး ကြီးပါကမပျောက်တတ်။ Sodium metabisulphite ကိုသတ်မှတ်ပမာဏထက်မပိုစေရန်ဂရုပြုထည့်ရန်နှင့် ထည့်ပါကလည်းမီးအားပျော့ပျော့ဖြင့်ရက်အနည်းငယ်ပိုထိုးရမယ်လို့ညွှန်ကြားထားပါတယ်။
(13) Flat roller print ( စက်ကြိတ်ရာအစင်းများ)
အစေးခဲရာတွင်ရောစပ်သည့်ရေနည်းသည့်အတွက်ရာဘာပြားများအလွန်မာနေခြင်း၊ အက်စစ်နည်းခြင်း၊ ရာဘာပြားအထူနှင့်လိုက်လျောညီထွေမဖြစ်သည့်ကြိတ်စက်ကြိတ်လုံးများချိန်ထားခြင်း ( အချို့အစေးခဲကန်များဟာဒီဇိုင်းမှားယွင်းနေပြီး ဆလိုက်ပြားထည့်အပိုင်းကန့်သည့်အခါ အပြားထူလွန်းခြင်းကိုဖြစ်စေတယ်) ၊ ကြိတ်လုံးရှိပန်းလိုင်းများတိမ်ခြင်းစတဲ့အကြောင်းများကြောင့်ဖြစ်ရတယ်။
(14) Reeper marks ( တန်းရာများ)
ဒီတန်းရာတွေကတော့ရာဘာပြားကိုလှန်းရာမှာနေရာရွှေ့ပေးရန်လိုအပ်တယ်။ မရွှေ့နိုင်ပါက တန်းရာအမည်းများနည်းစေရန် ဝါးတန်းများကိုစင်ကြယ်စွာဆေးကြောရန်နှင့်ဝါးကွဲများကိုအသုံးမပြုရန်၊ ဖြစ်နိုင်ပါက 0.05% sodium sulphite ပျော်ရည်တွင် 24 hrs စိမ်ပြီးခြောက်အောင်နေလှန်းပြီးမှအသုံးပြုရန်လိုအပ်တယ်။
မှိုင်းခံရာဘာပြားများတွင်တွေ့ရတဲ့ပြစ်ချက်များဟာအထက်ဖော်ပြပါအကြောင်းရင်းများသာမက အသုံးပြုသည့်ရေကြောင့်လည်းဖြစ်ရတယ်။ သံဓာတ်ပါဝင်မှုများပါက အရောင်ပျက်ခြင်း၊ Rust ဖြစ်ခြင်း၊ ပိုတက်စီယမ်နှင့်မဂ္ဂနီဆီယမ်များပါက ဘက်တီးရီးယားများပေါက်ပွားစေပြီး အပြားအရောင်ပျက်ခြင်း၊ အဖြူစက်နှင့်လေပူဖောင်းငယ်များဖြစ်ပေါ်တတ်တယ်။ ထို့အပြင်ရေတွင်မျက်စိဖြင့်မမြင်ရသောအနည်(colloid) များပါဝင်ပါကရာဘာပြား၏အရောင်အဆင်းမှိုင်းခြင်းနှင့် အညစ်အကြေးငယ်လေးများစုဝေးပြီး Specky အစက်များဖြစ်ရတယ်။ Poly aluminium chloride (alum) 4 to 10 gram per 100 litre သုံးပြီးဖယ်ရှားနိုင်တယ်။ အချို့ဒေသများတွင်ရေတွင်ပျော်ဝင်နေသော calcium နှင့် magnesium များမှ carbonate နှင့် bicarbonate များဖြစ်ပေါ်စေပြီး တစ်ဝက်တပျက်အစေးစောခဲခြင်း ( အစေးပျက်ခြင်း) ၊ gas bubbles လေပူဖောင်းငယ်လေးများကိုဖြစ်ပေါ်စေတယ်။ စီးဆင်းနေသောမြစ်ချောင်းများ၏ရေတွင် ဒီ carbonate တွေကိုအတွေ့ရနည်းသော်လည်း ရေသေဖြစ်သည့်ကန်ရေများတွင်အဖြစ်များတယ်။ ထုံးရေဖျော်ထည့်ခြင်းသို့မဟုတ် sulphuric acid ထည့်ခြင်းများဖြင့်ပြုပြင်နိုင်တယ်။ သို့သော်ရေကိုပြုပြင်ရန်မှာကျွမ်းကျင်ပညာရှင်များ၏အကူအညီမပါပဲမလုပ်သင့်ဟုယူဆပါတယ်။ သန့်စင်သောမြေအောက်ရေကိုသာအသုံးပြုရန်နှင့်စက်ရုံအားရေပေါများသည့်နေရာတွင်တည်ပါရန်အကြံပြုရင်း ဒီဆောင်းပါးကိုအဆုံးသတ်ပါတယ်။ ။
References
(1) Quality RSS production by OTHMAN ABD HALIM
(2) Processing Technology (Defects in Raw Rubber) by W.M.G. Senevirante
(3) ထားဝယ်မှအဖိုးဦးရန်ရှင်း၏ FB post များ