ဒီမှိုင်းခံရာဘာပြားတွေမှာအဓိကနဲ့အများဆုံးတွေ့ရတဲ့ပြစ်ချက်များရဲ့တရားခံလက်သည်ဟာသန့်ရှင်းမှုမရှိခြင်းနဲ့အများဆုံးပက်သက်နေတယ်။ ထုတ်လုပ်ရေးအဆင့်တိုင်းမှာလိုအပ်တဲ့သန့်ရှင်းမှုမရှိခြင်းကြောင့် မလိုလားအပ်သောဘက်တီးရီးယားများ( micro organism) ကိုပေါက်ဖွားစေတယ်။ ဒါကြောင့်စိုက်ခင်းများရှိအစေးခံခွက်များ၊ အစေးသိမ်းပုံးများ၊ အစေးသယ်ကန်များမှသည် စက်ရုံရှိ bulking tank များ ၊ အစေးခဲကန်များသာမက စက်ရုံကြမ်းခင်းများ၊ မှိုင်းရုံအတွင်းပိုင်းနံရံတွေအထိသန့်ရှင်းမှုရှိစေရန်ဂရုပြုရပါမယ်။ အထူးသဖြင့်ကန်များ၏နှုတ်ခမ်းသားများ၊ ဆလိုက်ပြားထည့်သွင်းရာလိုင်းများနှင့် စက်ရုံကြမ်းခင်းရှိအက်ကွဲနေသောကွန်ကရစ်မြောင်းများနှင့် ဝါးတန်းများဟာဒီဘက်တီးရီးယားတွေပေါက်ဖွားဖို့ အကောင်းဆုံးနေရာတွေဖြစ်ပြီးအနည်းဆုံးနှစ်ပါတ်လျင်တစ်ကြိမ်သန့်ရှင်းပေးရန်လိုအပ်တယ်လို့ညွှန်ကြားထားတယ်။

နောက်ထပ်အရေးကြီးတဲ့ပြစ်ချက်များကတော့အက်စစ်အနည်းအများနဲ့သက်ဆိုင်တယ်။ အစေးခဲရန်လိုအပ်သောအက်စစ်ပမာဏလျော့နည်းလျင်အဖြူရောင်အရိအချွဲရည်များထွက်တတ်ပြီး ဒီအရည်တွေထဲမှာရာဘာသား 1.5% ခန့်ရောပါဆုံးရှုံးရတယ်။ အက်ဆစ်နည်းခြင်းကြောင့် အစေးခဲရန်ကြာချိန်တိုးသွားပြီးလေပူဖောင်းများဖြစ်စေတယ်။ ယေဘူယျအားဖြင့်သဘာဝရာဘာဟာ pH 6.2 မှ 6.9 ကြားမှာရှိတတ်ပြီး အမိုးနီးယားထည့်သွင်းတဲ့အခါ pH တန်ဖိုးတိုးလာတတ်တယ်။ သဘာဝအလျောက်အစေးခဲချိန် pH တန်ဖိုးဟာ 4.4 နှင့် 4.5 မှာဖြစ်ပြီးစက်ရုံတွေမှာတော့ 4.8 နှင့် 5.1 ကြားမှာခဲစေရန်အက်စစ်ကိုတွက်ချက်ထည့်သွင်းလေ့ရှိတယ်။ PH meter ကိုမဖြစ်မနေသုံးရန်လိုအပ်တယ်။

မှိုင်းရုံဒီဇိုင်းအလိုက် လုံလောက်သောမီးခိုးခေါင်းတိုင်ပေါက်များ ( Ventilators) များထည့်သွင်းပေးရန်လိုသလို၊ ဒီခေါင်းတိုင်များထဲမှာလေတံခါးများတပ်ဆင်ထားဖို့လည်းလိုတယ်။ မှိုင်းထိုးခြင်းရဲ့အဓိကရည်ရွယ်ချက်ဟာ ရာဘာပြားများကိုခြောက်သွေ့စေရန်သာမက သစ်ဆီများကိုစုပ်ထုတ်ရန်နှင့်ဘက်တီးရီးယားများကိုသေစေရန်အတွက်လည်းဖြစ်တယ်။ လေဝင်လေထွက်မကောင်းခြင်း၊ မှိုင်းခံရာမှထွက်လာသောရေများကိုစွန့်ထုတ်ရန်ရေဆင်းမကောင်းခြင်းများကြောင့် ရာဘာပြားရဲ့အရည်အသွေးကိုထိခိုက်စေတယ်။ မှိုင်းရုံဒီဇိုင်းအလိုက်သတ်မှတ်မီးအပူချိန်အတိုင်းထိုးရန်၊ ဒီမီးအပူချိန်အတက်အကျပြောင်းလဲမှုကို 5 ° centigrade ထက်ပိုမများစေရန်ဂရုပြုရပါမယ်။ မှိုင်းရုံဒီဇိုင်းများအလိုက်ထောက်ခံထားတဲ့မီးအပူချိန်တွေတော့ Day 1 မှသည် Day 4 အထိ 43, 48, 55 , 60 နှင့် 48-52 , 52-54, 54-57, 57-60 degree centigrade ဖြစ်တယ်။

မှိုင်းလှည်းတွေရဲ့တန်ကြားအကွာအဝေးဟာ 3.5 cm ရှိမှာဖြစ်ပြီးဝါးတန်းတွေရဲ့အချင်းဟာ 2.5 cmထက်မပိုသင့်ပါဘူး။ ရေစစ်ချိန်ကို 3 hrs ထက်ပိုမထားရန်၊ ရာဘာပြားရဲ့အထူအပါးကို 2.5 mm မှာရှိစေရမယ်လို့ဆိုတယ်။ ဒီနေရာမှာ Bridgestone တာယာရဲ့မူက 3mm လို့သိရတယ်။ အစေးခဲပြီးအနည်းဆုံး 2hrs အတွင်းအစေးခဲကန်များကိုရေဖုံးအုပ်ရန်၊ ဒီရေမှာဖြစ်နိုင်ပါက Washing Soda 20 gram/ liter နှုန်းထည့်သွင်းရန်၊ အစေးခဲပြီး 7 hrs ကြာမှကြိတ်ရန်၊ ကြိတ်လုံးများကိုရေလုံလောက်စွာပေးရန်၊ အစေးကြိတ်ရုံ ( sheeting factory) မှာသုံးတဲ့ရေပိုက်အားလုံးကိုဂျုံစစ်ခံထားရန်၊ ကြိတ်စက်များရဲ့ပန်းလိုင်းများဟာအနက်နှင့်အကျယ် 3mm ရှိရန်နှင့် အကွာအဝေးအားဖြင့် 3 to 4.5 mm ရှိရန်၊ အစေးရည်ဇကာများကိုကြေးဇကာမသုံးရန်တားမြစ်ပြီး စတီးဇကာများကိုသာသုံးရန်၊ အမြှုပ်ကုန်စင်အောင်ခပ်ထုတ်ရန်၊ အက်စစ်ထည့်ပြီးအသွားအပြန်အနည်းဆုံး 7 ချက်မွှေရန်နှင့်ကြိတ်ပြီးရာဘာပြားများကိုရေစင်အောင်ဆေးကြောရန်၊ ဒီရေကိုလည်းတတ်နိုင်သမျှရေရှင်( running water) ဖြစ်စေရန် ညွှန်ကြားထားပါတယ်။
အဓိကကျတဲ့ပြစ်ချက်များနှင့်ဒီပြစ်ချက်တွေတွေရှိပါကပြုပြင်ရမယ့်အသေးစိတ်အချက်တွေကိုအောက်ပါအတိုင်းညွှန်ကြားထားတာတွေ့ရတယ်။

(1) Bubbles ( လေပူဖောင်းများ)
ဒီလေပူဖောင်းတွေဟာခြေရာခံဖို့ခက်ခဲပြီးစိုက်ခင်းမှသည် စက်ရုံအထိထုတ်လုပ်ရေးအဆင့်များစွာရှိသည့်အနက်တစ်ဆင့်ဆင့်တွင်ချို့ယွင်းမှုရှိခဲ့လို့ဖြစ်တယ်။ အများအားဖြင့်အစေးရည်အချဉ်ပေါက်ခြင်း( fermentation) ကြောင့်ဖြစ်ရပြီး ဒီ fermentation အကြောင်းကိုတော့အရင်က post များမှာဖော်ပြပြီးဖြစ်လို့အသေးစိတ်မရေးလို။ နောက်ထပ်အကြောင်းရင်းများကတော့ အက်စစ်နည်းလွန်းခြင်း၊ များလွန်းခြင်း၊ အရောင်လှဆေး( sodium meta bisulphite ) နှင့် washing soda များအစေးရည်အတွင်းထည့်သွင်းတာကြောင့်ဖြစ်တယ်။ ဒီလေပူဖောင်းတွေကိုအုပ်စုခွဲမယ်ဆို
(A) ရာဘာပြားရဲ့မျက်နှာပြင်အနှံ့ပင်အပ်အရွယ်လေပူဖောင်းလေးများစုစည်းပြီးသေးငယ်တဲ့အစက်အပြောက်ပုံစံဖြစ်ပေါ်နေခြင်း သို့မဟုတ် လေပူဖောင်းလေးများပါလျက်ဖြစ်စေ မပါပဲဖြစ်စေ အတန်းလိုက်ပုံစံဖြစ်နေခြင်း။
ဒီပြစ်ချက်ဟာအများအားဖြင့် မိုးအကုန်နှင့်မိုးဦးကာလများတွင်အစေးခြစ်တဲ့အခါခွက်များအတွင်းမိုးရေပါလို့ဖြစ်တယ်။ အမိုးနီးယားအသုံးပြုရန်၊ ဘက်တီးရီးယားများမပေါက်ပွားစေရန်ထုတ်လုပ်ရေးသုံးပစ္စည်းများပိုသန့်ရှင်းစွာထားရန်လိုအပ်တယ်။ အက်ဆစ်ပြင်းအားများရင်လည်းဖြစ်တယ်။ လိုအပ်သည့်ပြင်းအား 1% မှ 3% အထိလျှော့ချသုံးစွဲရပါမယ်။
(B) ရာဘာပြားရဲ့အနားများနှင့်ထောင့်များမှာဖြစ်ပေါ်တတ်တဲ့ပင်အပ်အရွယ်လေပူဖောင်းများကတော့ အက်ဆစ်မွှေတာမနှံ့ခြင်း၊ အစေးရည်နှင့်ရောစပ်သည့်ရေပမာဏနည်းခြင်း၊ အစေးခဲရာတွင်သုံးသည့်အက်စစ်ပမာဏများခြင်းကြောင့်ဖြစ်တယ်။
(C) အပြားရဲ့မျက်နှာပြင်အနှံ့အရွယ်အစားမတူညီသောလေပူဖောင်းငယ်များပျံ့ကျဲနေခြင်း သို့မဟုတ် အပြားရဲ့အနားတစ်ဖက်ဖက်မှာပူဖောင်းများဖြစ်ခြင်း။
တစ်ခါတရံလိုအပ်ချက်ကြောင့်အစေးအမြန်ခဲရတဲ့အခါဒီပြစ်ချက်ဖြစ်တယ်။ အမြှုပ်ကုန်အောင်မခပ်ခြင်း၊ အစေးခဲချိန်ကြာခြင်း၊ ကြိတ်ချိန်ကြာခြင်း၊ ရေစစ်ချိန်ကြာခြင်းနှင့် မှိုင်းရုံအတွင်းရာဘာပြားများစသွင်းချိန်တွင်ပေးရမည့်လိုအပ်သည့်အပူချိန်ကိုမပေးခြင်းကြောင့်ဖြစ်တယ်။
(2) Blisters (ကြီးမားတဲ့လေပူဖောင်းများနှင့်မီးလောင်ဖုလိုပူဖောင်းများ)
မီးအပူချိန်များခြင်းကြောင့်ဖြစ်တယ်။ အထူးသဖြင့်သတ်မှတ်သည့်အထူအပါးထက်ပိုထူတဲ့ရာဘာပြားများအား မှိုင်းစထိုးသည့်ပထမရက်များအတွင်းမီးအပူချိန်များခြင်းကြောင့်ဖြစ်တတ်သည်။ အမိုးနီးယားပမာဏများခြင်း၊ Sodium သုံးသည့်အခါလိုအပ်သည့် drying time မရောက်ခင်မီးထိုးတဲ့အခါဖြစ်တတ်တယ်။
ဒီပူဖောင်းတွေဖြစ်ရတဲ့အကြောင်းရင်းများကိုချုပ်၍ဆိုရသော်
(1.1) စက်ရုံသို့အစေးပို့ချိန်နောက်ကျခြင်း၊ အမိုးနီးယားမထည့်ခြင်းနှင့် စက်ရုံသို့အစေးစောစွာရောက်သော်လည်းအစေးခဲချိန်နောက်ကျခြင်းများကြောင့်ဖြစ်တယ်
(1.2) အစေးရည်အတွင်းမိုးရေပါခြင်း၊ မိုးရေပါသော်လည်းယခင်သုံးနေကျပမာဏအမိုးနီးယားကိုသာသုံးခြင်းကြောင့်ဖြစ်တယ်။ ယခင်သုံးနေကျပမာဏထက် 50 မှ 100% အထိပိုသုံးရပါမယ်။
(1.3) အစေးရည်အားနေပူထဲတွင်ထားခြင်း
(1.4) ခွက်၊ ပိုက်၊ ပုံးများမသန့်ရှင်းခြင်း
(1.5) အသုံးပြုသည်ရေအရည်အသွေးမကောင်းခြင်း။(စက်ရုံမှအသုံးပြုသည့်ရေတွင်ထုံးဓာတ်ပါဝင်မှုများခြင်း ၊အက်စစ်ဓာတ်ပါဝင်မှုများခြင်း၊ အညစ်အကြေးပါခြင်း၊ ပိုတက်စီယမ်ဓာတ်လွန်ကဲစွာပါဝင်ခြင်း)
(1.6) အစေးခဲသည့်အခါထည်သွင်းရောစပ်သည့်ရေပမာဏနည်းခြင်း။ အက်စစ်တိုးရေလျှော့ကာ အစေးအမြန်ခဲခြင်း၊ အက်စစ်ပြင်းအားအားသတ်မှတ်သည့်ပြင်းအားရအောင်မချခြင်း(ရေရောနည်းခြင်း)
(1.7) မရိုးသားသောအစေးခြစ်သမားမှ အစေးရည်တွင် DRC တိုးစေရန်သစ်မြစ်သစ်ခေါက်များ၊ ရွှံ့စေးများ၊ ပဲမှုန့်များ၊အချိုမှုန့်များရောစပ်ခြင်း
(1.8) အက်ဆစ်နည်းသောကြောင့်အဖြူ ရေများထွက်ပြီး ဘက်တီးရီးယားပေါက်ပွားခြင်း
(1.9) အမြှုပ်ကျန်ခြင်း၊ မွှေတာမနှံ့ခြင်း
(1.10) ရေစစ်ချိန်အလွန်ကြာခြင်း
(1.11) အပြားလှဆေးSodium meta bisulphite,Sulphite နှင့် ပွဆေး soda ash သုံးခြင်း
(1.12) မှိုင်းထိုးသည့်အခါသတ်မှတ်အပူချိန်အောက်နည်း၍မှိုင်းထိုးချိန်ကြာမြင့်ခြင်း။ အထူးသဖြင့်ညဘက်များတွင်ဖြစ်တတ်တယ်။ မှိုင်းရုံအတွင်းသို့ရာဘာပြားများစသွင်းသည့်ပထမရက်အတွင်းရေငွေ့များထွက်စေရန်ခေါင်းတိုင်တံခါးများကိုဖွင့်ထားရပါမယ်။
(2.1) မှိုင်းမီးအပူချိန်များခြင်း။ အထူးသဖြင့်မှိုင်းစထိုးသည့် Day 1 နှင့် Day 2 တွင်မီးအပူချိန်မများစေရန်သတိပြုရမှာဖြစ်ပြီး ယေဘူယျအားဖြင့် 48 မှ 55 အတွင်းပုံမှန်ထိုးရမည်ဖြစ်ပြီး 60 ° C ထက်မကျော်စေရန်သတိပြုရပါမည်။

References
(1) Quality RSS production by OTHMAN ABD HALIM
(2) Processing Technology (Defects in Raw Rubber) by W.M.G. Senevirante