မြန်မာရာဘာသမားများအတွက် ပြင်သစ် CIARD မှအ‌ေစးလှီးပညာရှင် ဒေါက်တာ Eric Gohet ရဲ့အစေးလှီးစနစ်ကိုမိတ်ဆက်ပေးလိုတယ်။ သူက မြန်မာရာဘာသမား တော်တော်များများသိပြီးသားဖြစ်သလို ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ အိုင်ဗရီကိုစ့်၊ ဂါနာ၊ ကင်မရွန်းနှင့်ဂါဘွန်တို့မှာရာဘာနှင့်ပက်သက်သောသုတေတနများ၊ နည်းစနစ်များကိုသင်ကြားပို့ချပေးနေသူပါ။ ကျနော့်အတွက်မြင်ဆရာတစ်ဦးဖြစ်သလို အင်တာနက်ကျေးဇူးကြောင့်သင်ဆရာလည်းဖြစ်လာတယ်။ သူ့ရဲ့သုတေတနအခြေခံသင်ကြားမှုကို စိတ်ဝင်စားသူတွေအတွက်ပြန်လည်မျှဝေလိုတာကြောင့် ဒီဆောင်းပါးကိုရေးပါတယ်။

ကျနော်တို့အနေနဲ့ ဒီအစေးခြစ်စနစ်အကြောင်းမပြောခင် နိုင်ငံတကာသုံးအစေးခြစ်သကေင်္တများကိုအကြမ်းသိရပါမယ်။ ဒါမှ စနစ်များကိုလေ့လာရာမှာစကားလုံးများမရှုပ်ထွေးပဲ တိတိကျကျနားလည်နိုင်မှာဖြစ်တယ်။ ဒီသင်္ကေတတွေရေးရာမှ စာလုံးအကြီးနဲ့ရေးသလိုစာလုံးကြီးအနောက်မှာအသေးဖြင့်တွဲပြီးရေးတတ်တယ်။ လမ်းကြောင်းအရှည်ကိုစာလုံးနောက်မှာအပိုင်းခံဖော်ပြလေ့ရှိတယ်။ S ဆိုကြောင်လိန်ပုံလှီးကြောင်း ၊ S/2 လုံးပတ်တစ်ဝက်လှီးကြောင်း ၊ S/3 သုံးပုံတစ်ပုံ၊ S/4 လုံပတ်လေးပုံတစ်ပုံစသည်ဖြင့်သုံးတယ်။ အစေးလှီးကြိမ်ရေကိုကတော့ d ဖြင့်ဖော်ပြပြီး d1 ဆိုနေစဥ်လှီးခြင်း ၊ d2 နှစ်ရက်တစ်ကြိမ် ၊ d3 သုံးရက်တစ်ကြိမ် ၊ d4 လေးရက်တစ်ကြိမ်ပေါ့။ နားရက်သတ်မှတ်ပြီးလှီးတယ်ဆိုရင် အစေးလှီးသင်္ကေတကိုပိုင်းဝေဖြင့်ဖော်ပြပြီး သတ်မှတ်ရက်ကာလကိုပိုင်းခြေမှာပြတယ်။ ဥပမာကော့သောင်းဘက်မှာသုံးတဲ့ သုံးရက်ခြစ်တစ်ရက်နားစနစ်ဆို d1 3d/ 4 ပေါ့။ နောက်တစ်ခုက အစေးလှီးမျက်နှာသင်္ကေတပါ။ အပင်ရဲ့အောက်ဖက်မျက်နှာတွေကို B ဖြင့်ဖော်ပြပြီး ၊ အထက်ဖက်ကို H ၊ မူလအခေါက်ကို O ၊ ပြန်တက်အခေါက်ကို I လို့သုံးပါတယ်။ ဒါကြောင့် BO 1 ပင်ခြေမူလအခေါက်ပထမအစေးလှီးမျက်နှာ ၊ BO 2 ဒုတိယမျက်နှာ ၊ HO 1 အထက်ဖက်မူလအခေါက်ပထမအစေးလှီးမျက်နှာပေါ့။ ဒီလိုပါပဲ BI 1 ဆိုပင်ခြေပြန်တက်အခေါက်ပထမမျက်နှာ၊ BII 2 ဆိုဒုတိယမျက်နှာပေါ့။

မိုးကာသုံးတဲ့အခါ Rain Guard ( RG) ဖြင့် အစေးလှီးလမ်းကြောင်းသင်္ကေတနောက်မှာကွင်းစကွင်းပိတ်ဖြင့်ပြပါတယ်။ အစေးထွက်လှုံ့ဆော်ဆေးသုံးရင် ဆေးအမျိုးအစားကို အင်္ဂလိပ်အက္ခရာစာလုံးအကြီး ၊ ပြင်းအားကို % ၊ သုတ်လိမ်းသည့်အရေအတွက်ကို လ m ၊ နှစ် y စသည်ဖြင့်သုတ်လိမ်းသည့်အကြိမ်အရေအတွက်အလိုက်အပိုင်းဂဏန်းဖြင့်ဖော်ပြတယ်ပေါ့။ ဥပမာ တစ်နှစ်မှာ 3 ကြိမ်ဆို 3/ y ပေါ့။ သုတ်လိမ်းတဲ့နေရာကိုတော့ Ba ၊ Pa ၊ Ga ၊ La စသည်ဖြင့်ပြပါတယ်။ အသုံးများတဲ့အခေါက်မှာသုတ်လိမ်းခြင်းကို Ba ပေါ့။ နောက်ဆုံးတစ်ခုကတော့ အစေးလှီးလမ်းကြောင်းဦးတည်ရာဖက်ကိုဖော်ပြတာပါ။ အထက်ဖက်ဆို U ၊ ပုံမှန်လှီးနေကျအောက်ဖက်ကိုလှီးရင် အထူးအထွေမရေးပေမယ့်တစ်ပင်ထဲမှာ လမ်းကြောင်းနှစ်ခုအပြိုင်လှီးလာရင်တော့ DU ဖြင့်လှီးကြောင်းသင်္ကေတနောက်မှာထည့်ပေးပါတယ်။ အကျယ်ကိုသိချင်ရင်တော့ MRPPA မှအကြံပေးအရာရှိဆရာဦး Hla Myint ရေးတဲ့ နိုင်ငံတကာသုံးအစေးလှီးသင်္ကေတများ၊ ကို Zar Ni Zaw (ဇော်ဇော် ရွှေပြည်စိုး) ရေးတဲ့ ရာဘာပင်မှအစေးထုတ်ယူခြင်းစာအုပ်များနှင့် A.T.EDGAR ရေးတဲ့
Manual of Rubber Planting ( Malaya) စာအုပ်တွေမှာလေ့လာနိုင်တယ်။

ဆက်ရရင် ကမ္ဘာမှာအစေးလှီးစနစ်များစွာရှိပါတယ်။ ဘယ်လိုပင်စနစ်တွေများစေကာမူ ကောင်းမွန်သောအစေးခြစ်စနစ်ကို (1) အထွက်နှုန်း (2) ကုန်ကျစရိတ်သက်သာမှု (3) သင့်တင့်သောအခေါက်ကုန်ဆုံးမှု (4) အပင်လုံးပါတ်ဆက်လက်ကြီးထွားနိုင်မှုနှင့်ပြန်တက်အခေါက်များကောင်းမွန်သက်တမ်းပြည့်ဝမှု (5) အစေးခန်းအခေါက်ခြောက်ရောဂါ Tapping Pannel Dryness(TPD) နှင့်အခြားရောဂါများဖြစ်ပွားမှုအနည်းဆုံးစတဲ့အချက်တွေပေါ်မူတည်သတ်မှတ်ပါတယ်။ ခုနောက်ပိုင်းမှာအစေးထွက်လှုံ့ဆော်ဆေးများတွဲဖက်သုံးနိုင်ခြင်း ( Stimulatation) အချက်ကိုပါထည့်သွင်းစဥ်းစားလာပါတယ်။ နောက်တစ်ခုကရာဘာပင်ရဲ့စီးပွားဖြစ်သက်တမ်းကို တွက်ချက်ရာမှာပြန်တက်အခေါက်များ၏လုံလောက်သောသက်တမ်းပြည့်မီရေးဟာအရေးကြီးတယ်။ ပြန်တက်အခေါက်အများစုဟာအစေးလှီးပြီးသည့်သက်တမ်းလေးနှစ်အတွင်း မူလအခေါက်ရဲ့ 75% အထိရောက်ရှိလာသော်လည်း အစေးကြောပါဝင်နိုင်ရန်သက်တမ်းအနည်းဆုံး 6 နှစ်မှ 8 နှစ်အထိလိုပြီး မူလအခေါက်ကဲ့သို့ထွက်နှုန်းပြန်ရဖို့ 12 နှစ်ခန့်အထိသက်တမ်းရှိဖို့လိုတယ်။ဒါကြောင့် အပင်ရဲ့အထက်ဖက်မူလအခေါက် HO များကိုအစေးလှီးနိုင်ရန်ကြိုးစားရင်းထိန်းချုပ်အထက်ဖက်အစေးလှီးစနစ် ( Control Upward Tapping) CUT ပေါ်လာတယ်။ ချုပ်ပြောရရင်ကောင်းမွန်တဲ့အစေးခြစ်စနစ်ဆိုတာအထက်ဖော်ပြပါအချက် (5) အချက်အပြင် CUT နှင့် Stimulate လုပ်နိုင်ခြင်းကိုပါထည့်သွင်းတွက်ချက်ပြီးပေါင်း ( 7 ) ချက်ရှိတယ်လို့ဆိုနိုင်တယ်။

အသုံးများတဲ့အစေးလှီးစနစ်တွေက S/2d1 , S/2d2, S/3 d2 နဲ့ S/2 d3 တို့ဖြစ်ပြီးဒီအစေးလှီးစနစ်များကိုနှိုင်းယှဥ်သုံးသပ်ရာမှာ S/2 d2 ကိုစံအဖြစ်ထားသုံးတယ်။ သူ့ရဲ့အားသာချက်ကအစေးလှီးပြင်းအားနှုန်း ( Tapping Intensity) သို့မဟုတ် အပင်ရဲ့အစေးထုတ်နိုင်စွမ်းကို 100% အထိထုတ်နိုင်သလိုကောင်းမွန်တဲ့အစေးလှီးစနစ်သတ်မှတ်ချက်ရဲ့မူလ ( 5 ) ချက်နဲ့ပါကိုက်ညီလို့ပါပဲ။ ကမ္ဘာ့နိုင်ငံများစွာမှာသုံးနေဆဲဖြစ်သလိုမြန်မာနိုင်ငံရဲ့အသုံးအများဆုံးအစေးလှီးစနစ်လည်းဖြစ်တယ်။ သို့သော် stimulate လုပ်ခြင်းကိုခံနိုင်ရည်မရှိပဲ TPD ကျရောက်တာကြောင့်မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိုင်ဗရီကိုစ့်နှင့်ကမ္ဘောဒီးယားတို့မှာဒီစနစ်ကိုစွန့်လွှတ်သွားကြပြီးဖြစ်တယ်။ S/2 d1 စနစ်ကတော့နိုင်ငံအားလုံးလိုလိုကစွန့်လွှတ်သွားခဲ့တာကာလအတော်ကြာခဲ့ပါပြီ။ စံစနစ်ဖြစ်တဲ့ S/2 d2 ကိုသုံးရာမှာအချို့သောအထွက်ကောင်းမျိုးများရဲ့အပင်ငယ်စဥ်အစောပိုင်းအစေးလှီးကာလများမှာ TPD ကျရောက်မှုကိုကာကွယ်ဖို့ကြိုးစားရာမှ S/3 d2 နှင့် S/2 d3 စနစ်များပေါ်လာပါတယ်။ သို့သော် ဒီစနစ်များရဲ့အားနည်းချက်က tapping Intensity 67% ပဲရှိလို့ကောင်းမွန်တဲ့အစေးလှီးစနစ်သတ်မှတ်ချက် (5) ချက်နှင့်မကိုက်ညီတာပါပဲ။ အထူးသဖြင့် S/3 d2 စနစ်ဟာကြိမ်နှုန်းများတဲ့ d2 ဖြစ်လို့ stimulate မလုပ်နိုင်။ လုပ်ပါကလည်း TPD ကျရောက်သလိုအဆိုးဆုံးပြစ်ချက်ကတတိယမျက်နှာမှာအစေးထွက်နှုန်းသိသိသာသာကျဆင်းသွားတာပါပဲ။ 67% ရှိတဲ့အခြေအနေကြောင့်ထုတ်လုပ်မှုစရိတ်အများဆုံးစနစ်တစ်ခုဖြစ်လို့ယနေ့ခေတ်အခြေအနေနှင့်မကိုက်ညီပါ။ ကမ္ဘာ့နိုင်ငံအားလုံးလိုလိုကစွန့်လွှတ်ခဲ့တဲ့စနစ်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ခြံငယ်တွေမှာသာသုံးနေကြပါတယ်။

သူရဲ့ဆန်ကျင်ဖက် S/2 d3 စနစ်ကတော့ 67% ရှိသော်လည်းအစေးထွက်လှုံ့ဆော်ဆေးကိုပြင်းအားချ၍တွဲဖက်သုံးခြင်း( stimulate) လုပ်နိုင်လို့ 100% ပြန်ရခြင်း၊ လုပ်သားလိုအပ်ချက်ကို 33% အထိလျှော့ချနိုင်ခြင်း၊ ကြိမ်နှုန်းနည်းတဲ့စနစ်ဖြစ်လို့အစေးခန်းအခေါက်ခြောက်ရောဂါ (TPD) ကျရောက်မှုမရှိခြင်း၊ အခေါက်ကျနှုန်းတစ်နှစ် 6 လက်ခန့်သာရှိခြင်း၊ စျေးကောင်းသည့်နှစ်များတွင်အစေးလှီးလုပ်သားထပ်ထည့်၍ S/2d2 စနစ်သို့ပြောင်းနိုင်ပြီးမကောင်းပါကမူလစနစ်သို့ပြန်သွားနိုင်ခြင်း၊ အစေးထွက်ကောင်းသည့်မူလအခေါက်များ BO and HO များပေါ်တွင် 24 နှစ်ခန့်လှီးနိုင်ခြင်း၊ CUT စနစ်ဖြင့်ထိန်းလှီးပါကပြန်တက်အခေါက်များ BI သို့ပြန်ရောက်ရာမှာ အနည်းဆုံး 25 နှစ်မှပြန်ရောက်သဖြင့်တည်ငြိမ်ကောင်းမွန်သည့်အစေးထွက်နှုန်းကိုစဥ်ဆက်မပြတ်ရရှိခြင်းစတဲ့အားသာချက်များကြောင့် ယနေ့ရာဘာစိုက်နိုင်ငံများရဲ့အဓိကအသုံးပြုတဲ့စံအစေးလှီးစနစ် ( Standard Tapping system) ဖြစ်လာပါတယ်။

Dr Eric Gohet ရဲ့သုတေတနများအရဒီ S/2d3 စနစ်ဟာ S/2 d2 စနစ်ထက်အထွက်နှုန်းပိုရတယ်လို့ဆိုတယ်။ S/2d2 စနစ်မှာအစေးလှီးသမားရဲ့ထုတ်လုပ်နိုင်စွမ်းဟာတစ်ဟက်တာ 12 to 15 kg ပဲရှိပေမယ့် S/2d3 ကတော့ 20 to 25 kg ရှိလာပါတယ်တဲ့။ အထူးသဖြင့်လှီးသည့်ကြိမ်နှုန်းနည်းတဲ့အတွက် အစေးသားပါဝင်မှု (DRC) တိုးလာတာကြောင့်ဖြစ်တယ်။ TPD ကျရောက်မှုအလွန်နည်းတယ်။ CUT ကိုကျင့်သုံးရာမှာ အထက်ဖက်မူလ အ‌ေခါက်များကို HO 1, HO 2 , HO3 and HO 4 အဖြစ်မျက်နှာပြင် 4 ဖက် ခွဲပြီး အစေးလှီးလမ်းကြောင်းကို 45 အစောင်းဒီဂရီဖြင့်လှီးတယ်။ ယေဘုယျအားဖြင့် နိုင်ငံအတော်များများရဲ့သုတေတနဌာနတွေမှာဖော်ပြချက်က HO မျက်နှာပြင်များကိုလှီးရာမှာသက်တမ်း 8 နှစ်ခန့်သာရှိပေမယ့် Dr Eric Gohet နည်းမှာတော့12 နှစ်ခန့်ရှိတာကိုတွေ့ရပါတယ်။

အထူးခြားဆုံးအချက်ကတော့ HO များမှာ 2 နှစ်လှီးပြီးတိုင်း BO 2 နှင့် BI 1 BI 2 များမှာတစ်နှစ်စီပြန်လှီးတဲ့စနစ်ပါပဲ။ S/2 d2 စနစ်မှာဆိုရင်နိုင်ငံအတော်များများသုံးနေကြတာကအောက်ဖက်မူလအခေါက်များ BO 1and 2 ပြီးပါက ပြန်တက်အခေါက် BI 1 BII 2 ကိုပြန်လှီးပေမယ့်သူ့နည်းစနစ်က BO 1ပြီးပါက BO 2 နှင့် HO 1,2,3,4 ကိုတစ်လှည့်စီလှီးတာပါ။ ပြန်တက်အခေါက်တွေသက်တမ်းပိုရင့်လို့အစေးထွက်ပိုလာပါတယ်။ သတိထားရမှာက S/2 d3 စနစ်ကိုသုံးရာမှာ BO 2 ရဲ့လှီး‌ေကြာင်းအမြင့်ကို BO 1ထက်မြှင့်ထား ပေးရတာပါပဲ။ ဒါမှလည်း HO 3 နဲ့ HO 4 မှာ အ‌ေခါက်ကျွန်းကျန်များမရှိမှာဖြစ်တယ်။ ချုပ်ပြောရင် S/2d3 စနစ်ဟာကမ္ဘာ့နိုင်ငံအများစုကလက်ခံထားကြတဲ့အကောင်းဆုံးအစေးလှီးနည်းစနစ်ဖြစ်တယ်။ S/4 U d3 နှင့် S/2 d3စနစ်များကို CUT နှင့် Stimulate တွဲဖက်ကျင့်သုံးရင်းစီးပွားဖြစ်သက်တမ်းကိုပိုရှည်စေတယ်။ ဒီထဲကမှ Dr Eric Gohet နည်းကမြင်နေကျပုံစံများနှင့်မတူပဲ BO 2 နှင့် HO 1,2,3,4 ကို တစ်လှည့်စီကျင့်သုံးတာကြောင့်စိတ်ဝင်စားစရာကောင်းတယ်။ လေ့လာလိုသူများအတွက်သူ့ရဲ့သင်ကြားပြသပေးတဲ့ အသေးစိတ်ပုံတွေကိုတင်ပေးလိုက်တယ်။ ဖြစ်နိုင်ပါကဒေသအလိုက်စမ်းသပ်ကွက် (pilot project) များလုပ်နိုင်မယ်ဆို မြန်မာရာဘာလောကအတွက်အကျိုးများစေမယ်လို့ယူဆတယ်။ ကျနော့်မှာလည်းရေးသာရေးရပေမယ့်မြင်းထိန်းငတာဖြစ်မှာလည်းစိုးရတယ်။ 😁 ဘာပဲဖြစ်ဖြစ်ပြီးအောင်ဖတ်ပေးလို့ကျေးဇူးပါ။ ။