(Southland Myanmar Rubber Company limited သည် မြန်မာနိုင်ငံ၌ အခြေစိုက်သည့် နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ် ရင်းနှီး မြုပ်နှံမှု ရော်ဘာ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၎င်းတို့ အနေဖြင့် ကမ္ဘာ၌ အကြီးမားဆုံး ရော်ဘာ ထုတ်လုပ် ဖြန့်ဖြူး နေသည့် Southland Rubber Group ၏ local Partner ကုမ္ပဏီ တစ်ခု ဖြစ်သည်။ Southland Myanmar Rubber Company limited သည် မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမီ ရော်ဘာများကို Southland Rubber Group ၏ မှတစ်ဆင့် ကမ္ဘာ အရပ်ရပ်ရှိ ကားတာယာ စက်ရုံကြီးများ ထံသို့ သဘာဝရော်ဘာ ထုတ်ကုန်များကို တိုက်ရိုက် တင်ပို့ရောင်းချ ပေးနေသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။)

မေး။ ။ အစ်ကိုတို့ ကုမ္ပဏီအနေနဲ့ နိုင်ငံတကာ တာယာစက်ရုံတွေကို အခုလို ရော်ဘာတွေ တင်ပို့ ရောင်းချနိုင်အောင် ဘာတွေ ပြင်ဆင်ရလဲ၊ ဘယ်လို အချက်အလက်တွေ လိုအပ်လဲ ဆိုတာကစပြီး ပြောပြ ပေးလို့ ရမလား။

ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှာရှိတဲ့ တာယာစက်ရုံကြီးတွေက အသိမှတ် ပြုထားတဲ့ တန်ဖိုးမြင့် ရော်ဘာကို တိုက်ရိုက် တင်ပို့ခွင့် ရဖို့အတွက်က အဆင့်တွေ အများကြီး လုပ်ရတယ်။ လက်ရှိ အများစုက လုပ်နေသလိုမျိုး ကုန်ကြမ်းဝယ်ပြီး၊ ကုန်ကြမ်းကို ထုတ်ပိုးပြီး တင်ပို့လိုက်တဲ့ စနစ်လည်း မဟုတ်ဘူး။ အဓိက ကတော့ ကျွန်တော်တို့မှာ စက်ရုံရဲ့ လိုအပ်ချက်တွေ၊ Organization ရဲ့ လိုအပ်ချက်တွေ ပြီးရင် တာယာ စက်ရုံရဲ့ တောင်းဆိုချက်တွေ၊ အကုန်လုံးကို ကျွန်တော်တို့က အသေးစိတ်၊ စနစ်တကျ လုပ်ရပါတယ်။ ပြီးတဲ့ အခါကျရင် ဒီတာယာစက်ရုံ ကြီးတွေကို တိုက်ရိုက် ရောင်းမယ် ဆိုလို့ရှိရင် တာယာ စက်ရုံကြီးတွေရဲ့ လိုအပ်ချက်တွေ၊ တောင်းဆိုချက်တွေကို ကျွန်တော်တို့ရဲ့ စက်ရုံကနေ Approval ရဖို့ လိုပါတယ်။
မေး။ ။ တစ်ခြား လူတွေလည်း ဗဟုသုတလည်းရ၊ အချက်အလက်လဲ ရအောင်၊ အဲလို နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ နိုင်ဖို့ အတွက် လုပ်ဆောင်ရတဲ့နေရာမှ အရေးအကြီးဆုံး အချက်ကနေအစ အစဉ်လိုက် အစ်ကို ရှင်းပြ ပေးပါလား။

ဖြေ။ ။ အရေးကြီးဆုံးအချက်ကနေ စပြောရမယ်ဆိုရင် အဓိက ကတော့ Sustainable Natural Rubber (SNR) ပေါ့၊ SNR Guideline နဲ့အညီ ထုတ်လုပ်နေတဲ့ အကြောင်း ကျွန်တော်တို့က ကြေငြာရတယ်၊ ပြီးရင် Southland Rubber Group က GPSNR (Global Platform for Sustainable Natural Rubber) ဖွဲ့ထားတဲ့ နေရာမှာလည်း ပါဝင်ထားတယ်၊ SNR Guideline ကိုလည်း အလေးထားပြီး ကျွန်တော်တို့က ထုတ်လုပ်တယ်။ SNR Guideline ရဲ့အောက်မှာ အရေးကြီး လိုက်နာရမယ့် အခြေခံမူ (၁၂) ချက် ရှိတယ်။

(1) Water management
(2) Auditing protocols
(3) Land rights (FPIC)
(4) Labor rights
(5) Human rights
(6) Equity
(7) Anti-corruption
(😎 Traceability
(9) Transparent reporting
(10) Grievance mechanism (complaint channel)
(11) Training & Education
(12) Forest sustainability

ကုန်ကြမ်း ကနေ စပြီး Processing လုပ်တဲ့ တစ်လျှောက်လုံး စနစ်တကျ ရှိရတယ်။ ပြီးရင် ISO 9001, ISO 14001, , ISO 45001 စတာတွေနဲ့ အတူ Ecovadis Platform မှာလည်း ကျွန်တော်တို့က စမ်းသပ် စစ်ဆေးမှု စာမေးပွဲ ဖြေရတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့က Silver award အထိ ရထား ပြီးပြီ။ ဝန်ထမ်းတွေကို ပေးတဲ့ ကျွန်တော်တို့ရဲ့ Support ပေါ့၊ အဲ့ဒါ လေးတွေကအစ အကုန်လုံး အခြေခံ အသီးသီး လိုအပ်ပါတယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ ကုန်ကြမ်းကနေ စပြီးတော့ ကုန်ကြမ်းကို ဝယ်ယူရေး၊ ကုန်ကြမ်းကို လက်ခံရင် ကုန်ကြမ်းတွေရဲ့ Specification တွေကို စစ်ဆေးတယ်၊ ပြီးရင် Formic Acid ကို မဖြစ်မနေ သုံးတဲ့ ကုန်ကြမ်းပဲ ကျွန်တော်တို့က သုံးရတယ်။ ဘာကြောင့် Formic အစ်ဆစ်ကိုပဲ သုံးလဲ ဆိုတော့ သူက ပတ်ဝန်းကျင် ထိခိုက်မှု အသက်သာဆုံး ဖြစ်တယ်၊ Formic အက်ဆစ်ကို ကျွန်တော်တို့က တင်သွင်း ပေးပြီးတော့ အသင်းမှ တစ်ဆင့် ရော်ဘာ တောင်သူတွေကို ဖြန့်ဖြူး ပေးတယ်။ တောင်သူတွေ အက်ဆစ် မှန်မှန်ကန်ကန်ရဖို့နဲ့ ဈေးသက်သာဖို့ အတွက် ကျနော်တို့က အရင်းဈေး အတိုင်းပဲ ပြန်ဖြန့်ပေးတယ်။ ကျွန်တော်တို့ရဲ့ စက်ရုံ အတွင်းမှာရှိတဲ့ Department တစ်ခုနဲ့ တစ်ခု ဆက်သွယ်ပုံ အသေးစိတ်လေးတွေ၊ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေကို ကျွန်တော်တို့က စနစ်တကျ မှတ်တမ်းလုပ်ရတယ်၊ ပြီးရင် Production လုပ်တယ် အဲ့ဒီကနေ တစ်ဆင့် Warehouse ကို ပြန်ပေးပြီးတဲ့ အခါကျရင် Packaging ကိုလည်း စနစ်တကျ လုပ်ရတယ်။ International နဲ့အညီ ဖြစ်ဖို့က တစ်ချို့ ပစ္စည်းတွေက မြန်မာနိုင်ငံမှာ မရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ပြန်တင်သွင်း ရတယ် ခင်ဗျ။ ပြီးတဲ့ခါကျရင် Export လုပ်တဲ့ အခါကျရင်လည်း သူတို့ လိုချင်တဲ့ သတ်မှတ်ချက် တွေအတိုင်းကို ကျွန်တော်တို့က စနစ်တကျ ပြုလုပ်ပြီး ပေးရတာပေါ့။ အရင်တုန်း ကတော့ ကိုဗစ် မဖြစ်ခင်တုန်းကတော့ သူတို့က မြန်မာပြည်ကို လာပြီး ကျွန်တော်တို့ဆီမှာ လက်တွေ့ လာစစ် သေးတယ်။ ခုလောလောဆယ်တော့ ကျွန်တော်တို့က Video Call နဲ့ပဲ စစ်ဆေးမှုတွေ ပြုလုပ်ပြီး တင်ပေး ရတာပေါ့။

မေး။ ။ ဆရာတို့ အနေနဲ့ မြန်မာနိုင်ငံက ရော်ဘာကုန်ကြမ်းကို ဝယ်ယူပြီးတော့ နိုင်ငံတကာကို ဈေးကွက်ကို ပြန်ပို့တဲ့ အခါကျတော့ မြန်မာနိုင်ငံက ရော်ဘာကုန်ကြမ်း အခြေအနေနဲ့ အရည်အသွေး ကကော နိုင်ငံတကာနဲ့ ယှဉ်ရင် ဘယ်လို ရှိလဲ။
ဖြေ။ ။ မြန်မာနိုင်ငံက ရော်ဘာကုန်ကြမ်းဈေးကွက်ပေါ့။ ကျွန်တော်တို့မှာက အမျိုးအစား၊ အမည် တွေက များတယ်။ ပြီးတဲ့ခါကျရင် Quality Control ပိုင်းကို စနစ်တကျ မလုပ်ခဲ့တဲ့ အခါ ကျတော့ ကျွန်တော် တို့မှာ ကုန်ကြမ်းရဲ့ အရည်သွေးက တော်တော်လေးကို နိမ့်ပါတယ်။ အထူးသဖြင့် အမှိုက်တွေ များတာပေါ့၊ ၂၀၁၅ အရှေ့တုန်းက ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ရော်ဘာတွေကို ကုန်ကြမ်း အတိုင်းပဲ အိမ်နီးချင်း နိုင်ငံတွေကို ရောင်းခဲ့ ရတာ။ အဲ့ဒီချိန်တုန်းက မြန်မာနိုင်ငံက ကုန်ချောက ကမ္ဘာ့ဈေးကွက်ကို မရောက်တော့ သူတို့က မြန်မာနိုင်ငံမှာ ရော်ဘာ ထွက်တယ် ဆိုတာကို အများစုက မသိခဲ့ကြဘူး။ FDI Company တွေ ဖြစ်တဲ့ Southland Myanmar နဲ့ Sri Trang ပေါ့နော် သူတို့တွေ မြန်မာနိုင်ငံကို ဝင်လာပြီး နောက်ပိုင်းမှာတော့ ကျွန်တော်တို့က Made in Myanmar ဆိုတဲ့ logo နဲ့ Value added ပေါ့ တန်ဖိုးမြင့်ရော်ဘာတွေကို တာယာ စက်ရုံတွေကို တိုက်ရိုက် တင်ပို့လာတဲ့ နောက်ပိုင်းမှာတော့ သူတို့ သိလာတယ်။ အဲ့ဒီမတိုင်ခင်ဆိုရင် MSR ရောင်းခဲ့ရတဲ့ အခြေနေတွေ ဆိုရင်လည်း
ကမ္ဘာ့ပေါက်ဈေးနဲ့ အတော်လေးကို နိမ့်ကျ နေခဲ့တယ်။ ဥပမာ ပြောရမယ်ဆိုရင် ကျွန်တော်တို့က စင်္ကာပူ မှာရှိတဲ့ SICOM ကို အခြေခံပြီး ရောင်းကြရတယ်။ အရင်တုန်းကဆိုရင် အဲ့ဒီရဲ့ ပေါက်ဈေး အောက်ကို အတော်လေးကို နိမ့်ကျ ခဲ့တယ် တယ်။ FDI ဝင်လာပြီး နောက်ပိုင်းမှာ ဆိုလို့ရှိရင် ကမ္ဘာ့ဈေးကို ရလာခဲ့ကြတယ်။ အဲ့လို ရလာတဲ့အချိန်မှာ ဘာတွေ ကောင်းလာလဲ ဆိုတော့ တစ်ခြား Local စက်ရုံကြီး တွေကလည်း Made In Myanmar ဆိုတဲ့ ကုန်ပစ္စည်း တွေနဲ့ လိုက်ပြီးတော့ အဲ့ဒီဈေးကွက်ကို မီလာကြတယ်။ FDI ဝင်လာပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ရော်ဘာဈေး တိုးတက် ကောင်းမွန် လာတာ ကတော့ ထင်ထင်ရှားရှားပဲ ခင်ဗျ။ RSS ကျတော့လည်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ ထိုင်းနိုင်ငံက
ကမ္ဘာ့ ရော်ဘာဈေးကွက်မှာ ဝယ်ယူသူ အကုန်လုံးရဲ့ ယုံကြည်မှု ရထားတဲ့ နိုင်ငံပေါ့။ အဲလိုဆိုတော့ သူ့ရဲ့ ဈေးနဲ့ ယှဉ်မယ်ဆိုရင် ကျွန်တော်တို့က RSS ပိုင်းမှာ တစ်ကယ် ဈေးကောင်းတဲ့ ချိန်မှာဆိုရင် တစ်တန်ကို ဒေါ်လာ ၃၀၀ ကနေ ၃၅၀ လောက်ထိ ဟခဲ့တယ်။ ခုဒီနောက်ပိုင်းမှာဆိုရင်လည်း အဟတော့ ရှိနေဆဲ ဒါပေမယ့် တော်တော်လေးကို နီးနီးစပ်စပ်တော့ ရလာတယ်။
မေး။ ။ နောက်တစ်ခုက အခု Export ကိုသွားနေတဲ့ ရော်ဘာ Trading အခြေအနေလေးမှာပေါ့၊ ဒီနှစ် နိုင်ငံတကာ ဈေးကွက်ကို ရော်ဘာ တင်ပို့နေတဲ့ အကြောင်းထဲကမှ ဘယ်လို အမျိုးအစားတွေပို့လဲ၊ မြန်မာနိုင်ငံကနေ ဘယ်ရော်ဘာ အမျိုးအစားတွေ အများဆုံးထွက်လဲ၊ ဘယ်ဈေးကွက် တွေကို အဓိက ပို့ဖြစ်လဲ ဆိုတာကို အကျဉ်းချုပ်လေးကို ပြောပြပေးပါ။
ဖြေ။ ။ အဓိက ကျွန်တော်တို့ ဈေးကွက်က ဘယ်လဲ ဆိုလို့ရှိရင် အဓိက ကတော့ RSS ကို Bridgestone ကို တိုက်ရိုက် တင်ပို့တယ်၊ Yokohama ကိုလည်း တင်ပို့တယ်။ နောက်တစ်ခုကတော့ အိန္ဒိယပေါ့၊ ကျွန်တော်တို့က MRF တို့ JK တို့ စီက approval ရထားပြီးပြီ ဖြစ်တာကြောင့် အဲ့ဒီအတိုင်းနဲ့ RSS နဲ့ TSR တွေကို တင်ပို့နေပါတယ်။ RSS ကတော့ International 3 မြန်မာ အခေါ်တော့ RSS 1 ပေါ့။ MSR ကျတော့ 10 နဲ့ 20 ကို အဓိက တင်ပို့ ပါတယ်။ ကျန်တာကတော့ တရုတ် ဈေးကွက်ကိုပဲ သွားပါတယ်။ တရုတ်ဈေးကွက်မှာရှိတဲ့ နိုင်ငံခြား တာယာ စက်ရုံ တော်တော်များများကိုလည်း ကျွန်တော်တို့ တိုက်ရိုက်တင်ပို့ပါတယ်။ Giti Tyre, Continental Tyre တို့လိုပေါ့၊ Approval တွေလည်း ရထား ပါတယ်။ ဒါကတော့ လက်ရှိ ဈေးကွက်ကို တင်ပို့နေတဲ့ အနေ အထားပေါ့။ ကျွန်တော်တို့နဲ့ အတူ ထားဝယ်မှာရှိတဲ့ Dawei Golden Land နဲ့ ပြီးရင် ကော့သောင်းမှာ ရှိတဲ့ မလိဝမ်း ရွှေဖြူပေါ့ အဲ့ဒီ စက်ရုံနှစ်ရုံက ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ Corporate Partner လည်းဖြစ်တယ်၊ ဂျပန်နိုင်ငံ Bridgestone တာယာရဲ့ Approval ရထားပြီးပြီ၊ မြန်မာနိုင်ငံမှာ Bridgestone တာယာရဲ့ ပထမဆုံး Approval ရတဲ့ စက်ရုံ နှစ်ရုံပေါ့၊ လွယ်တော့ မလွယ်လူး၊ နှစ်နှစ်ခွဲလောက် အချိန်ယူပြီး အသည်း အသန် ကြိုးစား ခဲ့ရတယ်။ အခုတော့ နှစ်စဉ် တင်ပို့နေရာ သုံးနှစ်လောက် ရှိပြီ။
မေး။ ။ Annually အကို့တို့ Export လုပ်နိုင်တဲ့ အခြေအနေနဲ့ ပမာဏတို့ Amount တို့ အဲ့လို အခြေအနေ တွေကော ပြောပြပေးနိုင်မလား ၊ ဒီ Budget Year အတွက်ဆိုရင် အကိုတို့ တိုးပြီးတော့ ပို့နိုင်မဲ့ အနေအထား ရှိလား၊ ပြီးရင် ဒီ Grade အတိုင်းပဲ သွားမှာလား။ ဘယ်လို လျာထား ချက်ရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ Capacity အနေနဲ့ကတော့ နိုင်ငံတကာကို Annually တန် (၇) သောင်းလောက် ပို့နိုင်တယ် ခင်ဗျ။ ဒါပေမဲ့ လက်ရှိ ပို့ခဲ့တာတော့ နှစ်စဉ် တန် (၅) သောင်း ပတ်ခြာလည် ပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပျမ်းမျှအားဖြင့် တစ်နှစ်ဆိုရင် တန် (၄) သိန်းကျော် လောက် ထွက်မယ်ဆိုရင် ကျွန်တော်တို့က တန် (၇) သောင်းလောက် ပို့နိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းပါ။ ကျွန်တော်တို့ စက်ရုံအနေနဲ့ ကတော့ တိုးပို့ဖို့ကို ကျွန်တော်တို့ ကြိုးစား နေပါတယ်ခင်ဗျ။ ပုံမှန် ကျွန်တော်တို့က (၅) သောင်းလောက် ပို့နေတော့ (၇) သောင်းကနေ (၈) သောင်း လောက်ထိ တိုးပြီး ပို့နိုင်ဖို့ ကျွန်တော်တို့ ကြိုးစား နေပါတယ် ခင်ဗျ။
မေး။ ။ အကိုတို့လို FDI ကုမ္ပဏီတွေ အနေနဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်တဲ့နေရာမှာ ဘယ်လို အရေးပါတဲ့ အခန်းကဏ္ဍကနေ Support လုပ်ပေးနိုင်တာ ရှိလဲ။ အကိုတို့ရဲ့ အခန်းကဏ္ဍကို အကိုတို့ ဘယ်လို သုံးသပ်လဲ။
ဖြေ။ ။ ကျွန်တော်တို့က လက်ရှိက FDI ကို မှီခို ရဦးမယ်ဆိုတဲ့ အနေအထားက ဘာလို့လဲ ဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ Company တွေ အနေနဲ့ Brand မရှိသေးဘူး၊ ပြီးရင် တာယာစက်ရုံကြီးတွေ အနေနဲ့ ကလည်း တကယ့်ကို သူတို့ Trusted Company တွေစီကပဲ သူတို့က ဝယ်တာ။ ဘာကြောင့်ဆိုရင် တာဝန်ခံမှု၊ တာဝန် ယူမှုတွေ ရှိဖို့ လိုတယ်လေ။ Company ကြီးတွေမှာ သူတို့ဟာနဲ့သူတို့ System နဲ့ Market က ရှိပြီးသား။ ပြီးတဲ့ အခါကျရင် သူတို့က တန်ဖိုးမြင့် ရော်ဘာကို နှစ်ပေါင်းများစွာ ထုတ်လုပ် ခဲ့ကြတဲ့ အတွေ့အကြုံ ရှိပြီးသား ဆိုတော့ ၊ ကျွန်တော်တို့က သူတို့ လမ်းစဉ်အတိုင်း လိုက်သွားရင် ကျွန်တော်တို့ရဲ့ ခရီးက နည်းနည်း ပိုတိုတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ မြန်မာ နိုင်ငံသားတွေ စုပေါင်း ပြီးတော့ Brand တစ်ခု ဖြစ်ဖို့ ကိုတော့ ကြိုးစား နေပါတယ်။ ဒါပေမဲ့ FDI မရှိဘဲနဲ့ တော့ ကျွန်တော်တို့ သွားဖို့က လက်ရှိ အနေအထားမှာ မဖြစ်နိုင် သေးဘူးခင်ဗျ။ FDI မှာလည်း မြန်မာ တောင်သူတွေ အပေါ် စေတနာ ရှိတဲ့သူလား မရှိတဲ့ သူလား ဆိုတာက လိုသေးတယ်။ Southland ကတော့ ဝင်လာ တာနဲ့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းနဲ့ ပူးပေါင်း ပြီးတော့ ကုန်ကြမ်း အရည်အသွေး ကောင်းအောင် ကျွန်တော်တို့ ကြိုးစားတယ်။ ကျွန်တော်တို့ရဲ့ နံပတ်တစ် ဦးစားပေး ကတော့ တောင်သူဘဝ မြင့်မားရေး၊ ရော်ဘာ အရည်သွေး ကောင်းမွန် တိုးတက်လာရေး ပြီးရင် ပမာဏ တိုးထုတ်နိုင်ရေးပေါ့။
မေး။ ။ အစ်ကို ရှင်းပြတဲ့ အနေအထား အရဆိုရင် ရော်ဘာက အတိုင်းတာတစ်ခုထိ Export ကိုတော့ မှီခို ရဦးမယ်၊ အဲ့ဒီလမ်းကြောင်းပေါ်ပဲ အဓိက ထားပြီး ရောင်းချ နေရဦးမယ်လို့ သုံးသပ် တာလား ခင်ဗျ။
ဖြေ။ ။ ဒါနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင်တော့ ထိုင်းလိုမျိုး တစ်နှစ်ကို 4.8 million tons လောက် ထုတ်နေတဲ့ နိုင်ငံကြီး တွေတောင်မှ တကယ်တမ်း တာယာ စက်ရုံကြီးတွေ အမြောက်အများ ရှိသော်ငြားလည်း သူတို့ ပြည်တွင်းအသုံးက (၁၀) ရာခိုင်နှုန်း အောက်ပဲ ရှိတယ်၊ အဓိက ကတော့ Export လုပ်ပြီး နိုင်ငံခြားငွေကို ရှာကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ ပြောရမယ်ဆိုရင် တာယာ စက်ရုံကြီးတွေ ရှိတဲ့ နိုင်ငံတကာကို တန်ဖိုးမြင့် ရော်ဘာ ထုတ်ကုန် တွေကို တိုက်ရိုက်များများ ရောင်းချနိုင်ဖို့ လိုတယ်။ ပြည်တွင်းမှာ ရှိတဲ့ ရော်ဘာ ထုတ်လုပ်နေတဲ့ စက်ရုံ တွေကလည်း အတူတူ လိုက်ပါလာဖို့ လိုတယ်။ တာယာ စက်ရုံကြီးတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ လိုအပ်ပါတယ်ခင်ဗျ။ အဓိက ကတော့ ရော်ဘာ ကတော့ Export အတွက်ကိုပဲ ဦးစားပေးပြီး နိုင်ငံခြားငွေ ရှာတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့ အတွက် ကြောင့်ပေါ့။ အရေး အကြီးဆုံးက ကုန်ကြမ်းက အရည်အသွေး ကောင်းရမယ့် အပြင် ကုန်ချော ကလည်း အဆင့်မြင့် ဖြစ်ရမှာ ဖြစ်ပြီး နိုင်ငံခြား တာယာ စက်ရုံကြီး တွေနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ အချိန်နဲ့ သူတို့ လိုအပ်တဲ့ ပမာဏ ကိုလည်း အချိန်မီ တင်ပို့နိုင်ဖို့ လိုပါတယ်ခင်ဗျ။

Crd : #rubber_insight_series