(မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အကြံပေးပုဂ္ဂိုလ် ဆရာကြီး ဦးလှမြင့်သည် မြန်မာ့ ရော်ဘာ သမိုင်း၌ အရေးပါ ထင်ရှားသည့် အခန်း ကဏ္ဍများတွင် တစိုက်မတ်မတ် တာဝန်ယူ ဆောင်ရွက် ခဲ့ပြီး ယခုထက်ထိတိုင်ပင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ပါဝင် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ဆရာကြီးနှင့် တွေ့ဆုံ မေးမြန်းချက် ထဲမှ မြန်မာ့ရော်ဘာသမိုင်း၌ ဖြစ်ပေါ် ခဲ့သည့် ဆရာကြီး ဦးလှမြင့် လက်လှမ်း မီခဲ့သည့် ရော်ဘာသမိုင်းများအား စာဖတ်သူများ ဗဟုသုတ ရစေရအတွက် စုစည်း ဖော်ပြ အပ်ပါသည်။)
ဆရာကြီး ဦးလှမြင့် ပြောပြတဲ့ မြန်မာ့ရော်ဘာ သမိုင်းဦး
မြန်မာပြည်ကို Hevea Brasiliense ရော်ဘာမျိုး စရောက်တာကတော့ ၁၈၇၆ ပေါ့၊ အဲ့ဒီတုန်းက မြိတ်မှာစစိုက်တယ်။ ၁၈၇၆ မှာ မြန်မာ နိုင်ငံကို ရော်ဘာတွေ စရောက်တယ် ဆိုပေမယ့် အကုန် သေသွားတယ်လို သိရတယ်။ နောက် ၂ နှစ် ကြာမှ သီရိလင်္ကာ ကနေ မျိုးတွေ ထပ်ရောက်တာ။ ၁၉၀၉ မှာ စီးပွားဖြစ် စိုက်တဲ့ ခြံတွေက ဖြစ်ထွန်းတယ် ဆိုပြီးတော့ မြန်မာပြည်မှာ ရော်ဘာကို စီးပွားဖြစ် တော်တော်များများ စိုက်လာကြတယ်။ အဲ့ဒီမှာ အင်္ဂလိပ်တွေ စစိုက်တယ် နောက်ပြီးတော့ ပုဂ္ဂလိက မြန်မာတွေလည်း တိုးချဲ့ပြီးတော့ စိုက်လာကြတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး ရော်ဘာစီမံကိန်း (Rubber Project) ကို မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း (မြေကျေးရှင်း) က စတယ်။ FAO Project ပါ။ အဲ့ဒီအချိန်မှာ ရော်ဘာကို စီးပွားဖြစ် အများကြီးစိုက်လာကြပြီး။ project ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မျိုးသန့် မျိုးကောင်းတွေ သွင်းပြီးတော့ မျိုးဟောင်း အပင်အိုတွေကို replant လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ခဲ့ ကြတယ်။ အဓိက ကတော့ မလေးရှားနဲ့ အင်ဒိုနီးရှား ကနေ အများဆုံး သွင်းကြတယ်။ အင်ဒိုနီးရှား ကတော့ ဒတ်ရှ်တွေက သုတေသန ပြုလုပ်ခဲ့တဲ့ မျိုးတွေ၊ မလေးရှားကတော့ British ပေါ့။ အဲ့ဒီတော့ ပျိုးခင်းတွေ ထောင်ပြီးတော့ သွင်းလာတဲ့ မျိုးတွေကို ပုဂ္ဂလိက ကိုဖြန့်တယ်။
ပျိုးခင်း တွေကတော့ မုဒုံရှိတယ်၊ အင်းတကော် ရှိတယ်၊ ထားဝယ် ရှိတယ်၊ မြိတ်ရှိတယ်၊ ကော့ကရိတ်တွေမှာ ရှိတယ်။ မုဒုံမှာ ကျတော့ သုတေသနပါ လုပ်တယ်။ ၁၉၆၀-၆၁ လောက်က မုဒုံ ဝက်တဲရွာအနီး ၅၄ ဧက ရှိတဲ့ ရော်ဘာမျိုးသုတေသန စမ်းသပ်ကွက် (Rubber Clone Trial – အပင်တစ်ပင်ကနေ လိင်မဲ့နည်းနဲ့ မျိုးပွား ရရှိထားတဲ့ အပင်အုပ်စု) မှာ မျိုး ၂၀ စမ်းသပ်ထားရှိတယ်။ Experiential Design ပုံစံနဲ့ စနစ်တကျ စိုက်ထားတာ၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ရော်ဘာမျိုး သုတေသန စမ်းသပ်ကွက်ပါ။
နောက်တစ်ခုက မုဒုံ ဘဲရမ်းရွာနားမှာ မျိုးသန့်မျိုးစေ့ခြံ (Poly-clonal Seed Garden) တစ်ခြံစိုက်ပျိုးတည်ထောင်ခဲ့တယ်။ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉ ခု နှစ်များမှာ ဧရိယာအနေနဲ့က ဧက ၅၀၀ ဝန်းကျင်ရှိတယ်။ အဲဒီမှာ မျိုးသန့် အပင်ပွားမျိုး (clone) ၄ မျိုး (Tj 1၊ RRIM 501၊ PR 107၊ AVROS 157) ကို မျိုးစေ့ယူရန်အတွက် စနစ်တကျ မျိုး‌စေ့ခြံ design ပုံစံ ဖြင့်စိုက်ပျိုးခဲ့တယ်။
ထည့်သွင်းစိုက်ထားတဲ့ clones တွေ အချင်းချင်း သဘာဝနည်းနဲ့ ဝတ်မှုန်ကူးစေပြီး ရရှိတဲ့ မျိုးစေ့များ ကို စိုက်ခင်းများစိုက်ရန် ဖြန့်ဖြူးပေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးရော်ဘာမျိုးစေ့ခြံဖြစ်ပြီး မျိုးစေ့ကို ဘဲရမ်းမျိုးသန့်မျိုးစေ့ လို့ခေါ် ခဲ့တယ်။
ရော်ဘာခြံများ ပြည်သူပိုင်သိမ်းခဲ့သည့် အခြေအနေနှင့် ရော်ဘာ project စတင်ခဲ့ခြင်
၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရတက်လာပြီး ၁၉၆၄ ကနေ ၁‌၉၇၃ အတွင်း ပုဂလိက ရော်ဘာခြံတွေ ပြည်သူပိုင်သိမ်းခဲ့တယ်တယ်။ နိုင်ငံခြားသားပိုင်ခြံအားလုံးနဲ့ တိုင်းရင်းသားပိုင်ခြံ အချို့ ပါဝင်တယ်။ တိုင်းရင်းသားပိုင်ခြံတွေကို လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဉပဒေအရ သိမ်းတယ်လို့သိရတယ်။ နိုင်ငံခြားသားပိုင်ခြံတွေက မြိတ်ဒေသ မှာများတယ်၊ ရွှေဒူး၊ ကတန်၊ ညောင်ပင်ကွင်း ရော်ဘာခြံတွေ၊ ကျိုက်ထိုမှာ မရမ်းကုန်းရော်ဘာခြံ၊ ရွှေကျင်မှာ Sittings Valley Rubber Estate (SVRE)၊ ကော့မှူးမှာ ငှက်အော်စမ်း ရော်ဘာခြံတို့ဖြစ်တယ်။
တိုင်းရင်းသားပိုင် ရော်ဘာခြံတွေထဲမှာ သံဖြူဇရပ်ခြံ၊ မော်လမြိုင်က မင်းရွာခြံ၊ သထုံဘက်မှာ မရမ်းတောင်ခြံ၊ မြိတ်ပုလောမှာ ပုဝတ်ကုန်းခြံ၊ ကြဲမီးလောင်ချောင်းခြံ၊ လှည်းကူးမှာ ဇရပ်ကွင်းခြံ၊ ကော့မှူးမှာ ဆူးကလပ်ခြံတွေပါကြတယ်။ အဲဒီပြည်သူပိုင်သိမ်းရော်ဘာခြံတွေအားလုံး မူလ မြေကျေးရှင်း ရော်ဘာစီမံကိန်း အောက် ရောက်ရှိလာပြီး အစိုးရ စီမံခန့်ခွဲတဲ့ ခြံတွေဖြစ်လာကြတယ်။
ဒါပေမဲ့ World Bank (International Development Association – IDA) ချေးငွေ နဲ့ လုပ်ခဲ့တဲ့ ရော်ဘာပြန်လည်ထူထောင်ရေးစီမံကိန်း (Burma Rubber Rehabilitation Project) ကိုတော့ မွန်နဲ့ တနင်္သာရီက အစိုးရရော်ဘာခြံတွေမှာပဲ။
ကျွန်တော် အလုပ် စဝင်ထဲကနေ သံဖြူဇရပ်က ပြည်သူပိုင် သိမ်းထားတဲ့ ရော်ဘာခြံမှာ စလုပ်တာပဲ။ ၁၉၆၄-၆၅ စိုက်ပျိုးရေးဘွဲ့ အောင်ပြီးတာနဲ့ မြေကျေးရှင်း လို့ခေါ်တဲ့ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်း (Agriculture and Rural Development Corporation – ARDC) မှာ လက်ထောက်အမှုဆောင်အရာရှိ ရာထူးနဲ့ အလုပ်စဝင်တယ်။ အဲ့ဒီ အချိန် တုန်းက စိုက်ပျိုးရေး ဦးစီးဌာန (Department of Agriculture) ဆိုတာ ရှိတယ်။
နောက်တစ်ခုက မြေကျေးရှင်း ဆိုတာ မြေယာ ကျေးလက် ဖွံ့ဖြိုး တက်ရေး ကော်ပိုရေးရှင်း (Agriculture and Rural Cooperation) ဆိုတာ ရှိတယ်။ အဲ့ဒါကတော့ နောက်မှ ပေါ်တာ စိုက်ပျိုးရေး ဦးစီးဌာနက ကျတော့ အင်္ဂလိပ် လက်ထက် ထဲက ပေါ်တာပေါ့။
အဲ့ဒီတုန်းက မြေကျေးရှင်းက Project တော်တော်များများလုပ်တယ်။ ရော်ဘာစီမံကိန်း (Rubber Project)၊ ဝါစီမံကိန်း (Cotton Project) ၊ဂုံလျှော်စီမံကိန်း (Jute Project) ၊ ကြံစီမံကိန်း (Sugarcane Project)၊ ဗာဂျီးနီယာစီမံကိန်း (Virginia Project) ၊ ဥယျဉ်ခြံစီမံကိန်း (Horticulture Project) စသည်ဖြင့်ပေါ့။ ကျွန်တော်က ရော်ဘာစီမံကိန်း (Rubber Project) ကို ဝင်ဖြစ်တယ်။
ပြီးတော့ ကျွန်တော့်ကို သံဖြူဇရပ်ခြံကို ပို့တယ်။ အဲ့ဒီမှာ အဓိက တာဝန်ကတော့ ခြံမန်နေဂျာလို့ နာမည် တပ်ပေမဲ့ အဓိက တာဝန်ကတော့ Research and Training ပေါ့။ ကျွန်တော်တို့ကိုအဂ်လိပ် လက်ထက် DOA က Central Farms (ဗဟိုသုတေသနခြံ‌) တွေအတိုင်း ထားတာ။ အဲ့ဒီမှာ မန်နေဂျာ နှစ်ယောက် ရှိတယ်။ တစ်ယောက်က Management လုပ်ရတယ်၊ ကျွန်တော် ကတော့ Research ပေါ့။
အင်္ဂလိပ် လက်ထက်တုန်းက DOA မှာ Central Farm တွေဆိုတာ ရှိတယ်။ အဂ်လိပ်လက်ထက် DOA ရဲ့ Central Farms (ဗဟိုသုတေသနခြံ) တွေမှာ FS (Farm Superintendent) နဲ့ AEB (Assistant Economic Botanist) ဆိုပြီး အရာရှိ နှစ်ယောက်ထားတယ်။ FS က ခြံ management လုပ်ရတယ်၊ နောက်တစ်ယောက် AEB က တော့ research လုပ်ရတယ်။
အဲ့ဒီတုန်းက မုဒုံ၊ မှော်ဘီ၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်မနား၊ ကျောက်ဆည်၊ မန္တေလေး စတဲ့ ဗဟိုစိုက်ပျိုးရေး သုတေသနခြံတွေမှာ အဲ့ဒီပုံစံအတိုင်း FS နဲ့ AEB တွေခန့်ထားပြီး အလုပ်လုပ်ကြတယ်။ ကျွန်တော် သံဖြူဇရပ်ရော်ဘာခြံ စတာဝန်ကျစဉ်အချိန်တုန်းက အုပ်ချုပ်ရေးအရ တနင်္သာရီတိုင်းထဲမှာပဲ ရှိသေးတယ်။ မွန်ပြည်နယ်ကို တနင်္သာရီတိုင်းကနေ သီးသန့်ပြည်နယ်မခွဲရသေးဘူး။
သံဖြူဇရပ်ခြံမှာတော့ ကျွန်တော့ရဲ့ အဓိက တာဝန်ကတော့ ရော်ဘာသုတေသနလုပ်ငန်း (Rubber research)ပဲ။ နောက် ခြံမန်နေဂျာတစ်ယောက်က ခြံလုပ်ငန်းတွေစီမံ ခန့်ခွဲရတယ်။ သံဖြူဇရပ် အခြေစိုက်ဆိုပေမဲ့လည်း မုဒုံမှာလုပ်တဲ့ rubber research တွေကိုပါ ကျွန်တော်က ကြီးကြပ်ရတယ်။ နောက်ဝန်ထမ်းတွေကို ရော်ဘာသင်တန်းပေးတဲ့ လုပ်ငန်းပါလုပ်ရတယ်။ သန်တန်းဆိုလို့ နိုင်ငံပိုင် ရော်ဘာခြံတွေမှာ အသစ်ခန့် ဝန်ထမ်းတွေကို လုပ်ငန်းခွင်ဝင်သင်တန်း၊ ဝန်ထမ်းဟောင်းတွေကို မွမ်းမံသင်တန်းတွေပေးရတယ်။
သင်တန်းတွေက (၂) ပတ်ကြာပြီး သံဖြူဇရပ်ခြံမှာပဲ လုပ်တယ်။ သင်တန်းသား ၂၀-၂၅ ဝန်းကျင်ရှိတယ်။ ရံဖန်ရံခါ တနင်္သာရီတိုင်း အုပ်ချုပ်ရေးမှာ အသစ်ခန့်တဲ့ မြို့ပိုင်တွေကို ပေးတဲ့သင်တန်း မော်လမြိုင်မှာ မြေကျေးရှင်း ရော်ဘာစီမံကိန်းလုပ်ငန်း၊ နိုင်ငံပိုင် ရော်ဘာခြံ လုပ်ငန်းတွေ အကြောင်းတွေ ဟောပြောခဲ့ရတယ်။
၁၉၇၂ မှာ မြေကျေးရှင်းနဲ့ စိုက်ပျိုးရေးဌာန ပေါင်းလိုက်ပြီး စိုက်ပျိုးရေးကော်ပိုရေးရှင်း (Agriculture Corporation) ဆိုပြီး ဖြစ်လာတယ်။ ကျွန်တော်က မုဒုံရော်ဘာခြံမန်နေဂျာ ဖြစ်လာတယ်။ ခြံစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်အပြင် ရော်ဘာနဲ့ ပတ်သက်တဲ့ research အားလုံးပါ တာဝန်ယူရတယ်။ တွဲပြီး မော်လမြိုင်မြို့နယ် မန်နေဂျာပါ လုပ်လိုက်ရသေးတယ်။
အဲ့ဒီမှာ မော်လမြိုင် ရော်ဘာအဝယ်ဒိုင်ပါ ကျွန်တော့်လက်အောက် ရောက်လာတယ်။ နောက်ကျွန်တော့်ကို မွန်ပြည်နယ် ရော်ဘာသီးနှံ တာဝန်ခံဆိုပြီး သီးသန့်တာဝန်ပေး လိုက်သေးတယ်။
စိုက်ပျိုးရေးကော်ပိုရေးရှင်းက နောက်ပိုင်းမှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (Myanmar Agricultural Service – MAS) ဆိုပြီးပြောင်းလိုက်တယ်။
မြန်မာနိုင်ငံ ရော်ဘာပြန်လည်ထူထောင်ရေး စီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည့် မှတ်တမ်းများ
ရော်ဘာ project ဆိုတာကလည်း UNFAO (United Nation Food and Agriculture Organization) က project ပဲ။ ဦးမြင့်မောင် ရဲ့ ကြိုးပမ်းမှုနဲ့ပဲ ကျွန်တော်တို့က World Bank တို့ UNFAO တို့ကို approach လုပ်ရင်းနဲ့ပဲ project တစ်ခုက ရလာတာ။
အကောင်အထည် ဖေါ်ပြီးသား စီမံကိန်းများကို ကျေနပ်လက်ခံခြင်း၊ စီမံကိန်း ထပ်မံ ရေးဆွဲတင်ပြ တောင်းဆိုနိုင်ခြင်း များကြောင့် ရရှိ ခဲ့ခြင်းလည်း ဖြစ်တယ်။
ရော်ဘာခြံတွေကို နိုင်ငံတော်ရဲ့ Budget နဲ့ ရင်းနှီးမြှုပ်နှံမှု သိပ်မလုပ် နိုင်တဲ့ အတွက် World bank က‌နေ ချေးငွေ ရအောင် ကြိုးစားတယ်။ ရပြီးတော့ ယာဉ်တွေ၊ အဆောက် အဦးတွေ၊ နောက်ပြီး လိုတဲ့ ကိရိယာတွေ ပြန်ဖြည့်တယ်။ အဲ့ဒီတုန်းက တော်လှန်ရေး အစိုးရ အနေနဲ့က ပုဂ္ဂလိက ကို မပေးဘူး။
နိုင်ငံပိုင်ပဲ လုပ်မယ်ဆိုတော့ နိုင်ငံပိုင် အနေနဲ့ပဲ လုပ်ဖြစ်တယ်။ အဲ့ဒါနဲ့ အပြိုင် သွားတာက UN က Technically assistance ပေးတယ်။ Rubber Rehabilitation Project operated with the credit from IDA of the World Bank with the technical assistance of UN exactitude by FAO ဆိုတဲ့ ပုံစံမျိုးနဲ့ သွားတယ်။
-ရော်ဘာပြန်လည်ထူထောင်ရေး စီမံကိန်း အဆင့် (၁) အကောင်အထည်ဖေါ်ခဲ့ပုံ
UNDP ရဲ့ Technical Assistance နည်းပညာ ပံ့ပိုးမှု အကူအညီနဲ့ ပညာရှင် consultant တွေ ငှားရမ်းတဲ့ အခါ တစ်ဦးချင်းစီ သီးသန်အစား အဖွဲ့အစည်း တစ်ခုတည်း ကိုဘဲ ငှားလိုက်တယ်။ အဲ့ဒီအဖွဲ့က UK အခြေစိုက် Harrison Fleming Advisory Services Group ဖြစ်တယ်။ အဲ့ဒီအဖွဲ့က အဲ့ဒီအချိန် မလေးရှားမှာ Harrison Crossfield Co. အမည်နဲ့ ရော်ဘာလုပ်ငန်းတွေ လုပ်နေတယ်။
သူတို့ဆီက ကျွမ်းကျင်ဘာသာရပ်အလိုက် consultant တွေတာဝန်ပေးပြီး လုပ်ခဲ့တယ်။ အင်္ဂလိပ် လူမျိုးတွေဘဲ။ အဖွဲ့ခေါင်းဆောင် တစ်ယောက်သာ ရန်ကုန်မှာ ရုံးထိုင်ပြီး ကျန် consultant တွေက လိုအပ်ချိန်မှာ လာကြတယ်။
နောက် FAO က ရော်ဘာအတွေ့ အကြုံရှိ Chief Technical Advisor (CTA) တစ်ယောက် ကိုတာဝန်ပေးပြီး လုပ်ငန်းတွေကို ပြန်စစ်ဆေးတာ အကြံပေး တာတွေ လုပ်တယ်။ စီမံကိန်းကို ၆ လတစ်ကြိမ် လာစစ်ဆေးတယ်။ မြန်မာနိုင်ငံဘက်က National Project Director (NPD) တစ်ယောက် တာဝန်ပေး ဆောင်ရွက်တယ်။
အဲ့ဒီလို ရော်ဘာ project ကို World Bank နဲ့ ညှိပြီး လုပ်တဲ့အခါမှာ ဘာပြောလဲ ဆိုတော့ “ရော်ဘာက နိုင်ငံတော် ဦးစားပေးသီးနှံထဲမှာ မပါဘူး၊ ဦးစားပေး သီးနှံဖြစ်မှ World Bank က support လုပ်လို့ ရမယ်” ဆိုတာ ကျွန်တော်တို့က ဝန်ကြီးဌာနကို တင်ပြီးတော့ ရော်ဘာကို ဦးစားပေး သီးနှံ လုပ်ပေးပါ ဆိုပြီးတော့ ၁၉၇၉ မှာ ရော်ဘာကို နိုင်ငံတော်ရဲ့ ဦးစားပေး သီးနှံ အဖြစ်ထည့်လိုက်တယ်။
အဲ့ဒီတုန်းက World Bank ဆိုတာကို IDA (International Development Association) လို့ခေါ်တယ်။ (၁၉၇၉ မှ ၁၉၈၄-၈၅ ထိ project ကာလ) Actually ကတော့ project သက်တမ်းက ၄ နှစ်ပဲဗျ။ အဲ့ဒီထဲမှာ World Bank ရဲ့ ပစ္စည်းဝယ်ယူရေး စနစ်တွေ ပါတယ်။ အဲ့ဒါတွေထဲမှာ တစ်ချို့ဟာတွေက မပြီးတော့ ဆက်လုပ်ရတဲ့ အနေအထားတွေ ရှိခဲ့တယ်။ ဒါက Phase 1 ပေါ့။
-ရော်ဘာပြန်လည်ထူထောင်ရေး စီမံကိန်း အဆင့် (၂) အကောင်အထည်ဖေါ်ခဲ့ပုံ
ရော်ဘာပြန်လည် ထူထောင်ရေးစီမံကိန်း အဆင့် (၁) ပြီးတော့ အဆင့် (၂)၂ အတွက် စီမံကိန်းရေးဆွဲ တင်ပြတဲ့ အခါ နိုင်ငံပိုင် ခြံတွေ ပြန်လည် ထူထောင်ရေး အပြင် ပုဂ္ဂလိက ကဏ္ဍ ရော်ဘာခြံငယ်များ ဖွံဖြိုးရေး၊ ရော်ဘာ သုတေသန ဌာန ထူထောင်ရေး တွေလည်း ရေးဆွဲ တင်ပြခဲ့တယ်။ အစိုးရ အနေနဲ့ ဆိုရှယ်လစ်စနစ် မူအရ နိုင်ငံပိုင် ကဏ္ဍ အစိုးရ ရော်ဘာခြံများကိုဘဲ လုပ်ရန် သတ်မှတ်ခဲ့တယ်။ ရော်ဘာ ပြန်လည်ထူထောင်ရေး စီမံကိန်း အဆင့် (၂) မှာ FAO က CTA တစ် ယောက်ခန့်ပြီး ရန်ကုန် စီမံကိန်းရုံးမှာ မြန်မာခန့် NPD နဲ့အတူ ရုံးထိုင်တယ်။ လိုအပ်တဲ့ consultant တွေကို အဖွဲ့ လိုက်မငှားတော့ဘဲ့ ကျွမ်းကျင် ဘာသာရပ်အလိုက် FAO ခန့် CTA နဲ့ မြန်မာခန့် NPD တို့က FAO လုပ်ထုံးလုပ်နည်းအတိုင်း ရွေးချယ် တာဝန်ပေးတယ်။ Phase 2 လာဖို့က နည်းနည်းတော့ ကြာခဲ့တယ်။
၁၉၈၄-၈၅ ကနေ ၁၉၉၂-၉၃ ထိ ဖြစ်သွားတယ်။ အဲ့ဒီ project မှာ ကျွန်တော်တို့က စုစုပေါင်း ဧက ၁၁၁၅၃ ဧက စိုက်ဖြစ်တယ်။ အဲ့ဒီမှာ replanting က ၈၀၃၆ ဧက၊ new planting က ၃၁၁၇ ဧက စိုက်ခဲ့တယ်။ Phase 2 မှာ Central Farming တွက် Research ကို Consultant ကို အကုန်မအပ်ဘူး။ Individual consultant တွေတော့ ငှားတယ်။ အဲ့ဒီမှာ CAO (Chief Technical Advisor) တစ်ယောက်ကို ရန်ကုန်မှာ ရုံးထိုင်ခိုင်းတယ်။
– Applied Research Center for Perennial Crops (ARCPC) Project အား အကောင်အထည် ဖော်ခဲ့ပုံ
အဆင့် ၂ ပြီး အဆင့် ၃ စီမံကိန်း ရေးဆွဲ တင်ပြရာမှာလည်း ပုဂ္ဂလိက ကဏ္ဍ၊ သုတေသန ဌာန ထူထောင်ရေး စတာတွေ ပါခဲ့တယ်။ သုတေသန မှာတော့ နှစ်ရှည်သီးနှံ ဌာနဖြစ်ပြီး ဆီအုန်းသီးနှံ ဖွံ့ဖြိုးရေး ကိုပါ ဆောင်ရွက် နေတဲ့ အတွက် ရော်ဘာ အပါအဝင် နှစ်ရှည်ပင်များ အသုံးချ သုတေသန ထူထောင်ရေးလို့ ညှိနိုင်း သတ်မှတ် ခဲ့ကြတယ်။
အဲ့ဒါပြီးတော့ Phase 3 သွားဖို့ အတွက် ကျွန်တော်တို့ proposal တွေတင်ဖို့ လုပ်တဲ့အချိန်မှာ ၁၉၈၈ နိုင်ငံရေး အပြောင်းအလဲ ဖြစ်တော့ World Bank ကနေ ဘာမှ မပေးတော့ဘူး။ အဆင့် ၃ ရော်ဘာ ပြန်လည် ထူထောင်ရေး စီမံကိန်းလည်း မလုပ်နိုင်တော့ဘူး ဆိုပြီး ဖြစ်လာ ပြန်တယ်။
အဲ့ဒါနဲ့ UNDP (United Nation Development Program) နဲ့ ညှိကြည့်တော့ ဖားအောက်မှာ ထောင်ခဲ့တဲ့ နှစ်ရှည်ပင်များ သုတေသန ဦးစီးဌာန project ကို ကျွန်တော်တို့ ရခဲ့တယ်။ အဆင့် ၃ စီမံကိန်း နဲ့ တွဲလုပ်မဲ့ UNDP/FAO Technical Assistance Grant ရဲ့ Applied Research Center for Perennial Crops (ARCPC) Project ကို ကြိုတင် သဘောတူ လက်မှတ်ရေးထိုး ဖြစ်ခဲ့တယ်။
မြန်မာနိုင်ငံ အတွင်း အရေးအခင်း ဖြစ်ထားတော့ UNDP ကလည်း အဖွဲ့အစည်းဌာန ထူထောင်တာ (Institution Building) မျိုး မပံ့ပိုး တော့ဘူး။ အောက်ခြေ ၊ လူထု လူတန်းစား အကျိုးပြု စီမံကိန်းမျိုး (grassroot impact project) ကိုဘဲ ပေးတော့မယ် ဆိုပြီး ARCPC Project ကိုပါ ရပ်ဆိုင်းမယ် ဆိုပြီး ဖြစ်လာ ပြန်တယ်။
အဲ့ဒီမှာ ကျနော် ကိုယ်တိုင် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဌာန (Foreign Economic Relations Department – FERD) မှာ ARCPC Project က အောက်ခြေ လူတန်းစား ရော်ဘာ တောင်သူငယ်တွေကို အကျိုးပြု စီမံကိန်း ဖြစ်ကြောင်း ရှင်းပြ ဆွေးနွေးခဲ့တယ်၊ ကျွန်တော်တို့ project က အောက်ခြေ ရော်ဘာခြံငယ်တွေကို အများကြီး အကျိုးပြုတယ်၊ Impact လည်း ထွက်နေပြီ ဆိုပြီး ရှင်းပြ နိုင်တော့မှ ARCPC Project ပြန်ရ ခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော့်ကို Project Director တာဝန် ပေးတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရလက်ထက် မြန်မာ့ရော်ဘာ ခရီး
အဲ့ဒီတုန်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ တက်နေတဲ့ အချိန် ဖြစ်တယ်။ ARCPC ကို ၁၉၉၁ ကနေ ၉၄ ထိ လုပ်တယ်။ ၁၉၉၄ မှာ MPCE (Myanmar Perennial Crop Enterprise) ဆိုပြီးတော့ ပေါ်လာတယ်။ အဲ့ဒီမှာ ကျွန်တော့် project ကို အဆောက်အဦးတွေ ရအောင် လုပ်ရတယ်၊ မြေ၊ မီး၊ တယ်လီဖုန်း၊ ရေ စတာတွေ ရအောင် လုပ်ရတယ်၊ နောက်ပြီး ဝန်ထမ်းတွေလည်း ခန့်ရတယ်။
တစ်ပြိုင်နက် တည်းမှာပဲ First Series Clone Trial ကို မုဒုံတစ်ခု သံဖြူဇရပ်တစ်ခု လုပ်ဖြစ်တယ်။ အဲ့ဒီကနေ PV 235 နဲ့ PV 260 နှစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့တယ်။ ပြီးတော့ မုဒုံမှာ Second Series Clone Trial ဆိုတာကို လုပ်ဖြစ်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့က ချိန်ခါမဟုတ် ရွက်ကြွေရောဂါ ခံနိုင်ရည်ရှိတဲ့ မျိုးကို သုတေသန လုပ်တယ်၊ စမ်းသပ်တယ် CTA နဲ့ တိုင်ပင်တယ် ပြီးတော့ မျိုးတွေ သွင်းတယ်။
အဲ့ဒီမှာ သီရိလင်္ကာက RRC 100, RRC 110 စတဲ့ မျိုးတွေ ပါလာတယ်။ နောက်တစ်ခုက BPM 24 ဆိုတာက အင်ဒိုနီရှားက မျိုး၊ ဟိုမှာ နာမည် မကြီးဘဲနဲ့ မြန်မာနိုင်ငံမှာ လာအောင်တယ်။ မိုးတွင်း မိုးအများကြီး ကျတဲ့ အချိန်မှာတောင် သူက အရွက် တင်ကျန်တယ်။ နောက်ပိုင်းက ကျွန်တော့်ရဲ့ Successor ဦးသန်းဖေ ဆိုတာ ရောက်လာတယ်။ သူကတော့ ARCPC မျိုးတွေကို မျိုးစပ်ပြီးတော့ မွေးဖြစ်တယ်။ အဲ့ဒီ Clone Trial တွေကနေ မြန်မာပြည်အတွက် သင့်တော်တဲ့ မျိုးတွေ ထွက်လာတယ်။ မုဒုံက ရွှေဥယျာဉ် ပျိုးဥယျာဉ်ဆိုတာရှိတယ် အဲ့ဒီကနေ BPM 24 မျိုးတစ်ခုတည်းကိုပဲ ဖြန့်တယ်။ နောက်ပိုင်းကျ ကျွန်တော်တို့က မိုးများတဲ့နေရာ၊ မိုးနည်းတဲ့နေရာ စသည်ဖြင့် စိုက်ရမဲ့မျိုးတွေကို recommend ပေးနိုင်တဲ့အထိ လုပ်ခဲ့တယ်။
ဆိုရှယ်လစ် စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးကူးပြောင်းချိန်က မြန်မာ့ရော်ဘာ တိုးတက်မှုများ
အဲ့ချိန်မှာ လယ်ယာနဲ့ သစ်တော ဝန်ကြီးဌာန ခွဲပြီးခါစ၊ ဆည်မြောင်းနဲ့ မပေါင်းခင် အချိန်က ရော်ဘာက အတော်အရှိန် ရနေပြီး။ ရော်ဘာပျိုးခင်းတွေ ထောင်လာတဲ့ အတွက် မျိုးနဲ့ စိုက်ခင်းကို မှတ်ပုံတင်ရမယ် မဖြစ်မနေ ဆိုတော့ Trained Clone Inspector တွေက စစ်ဆေးပြီး ထောက်ခံတဲ့ မျိုးကိုပဲ ဖြန့်ရမယ် ဆိုပြီးတော့ ၁၉၉၂ မှာ လုပ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄ မှာ မြန်မာ့နှစ်ရှည်ပင် ပေါ်လာတဲ့ အခါမှာ အဲ့ဒါကို သိပ်မလုပ် ဖြစ်တော့ဘူး။ Late 1988 မှာ အစိုးရ ပြောင်းပြီးတော့ ဈေးကွက်စီးပွားရေး (Market Economy ) ကို ဖွင့်ချ လိုက်တယ်။ အဲ့ဒီချိန်မှာ သီးနှံ တော်တော်များများကို လွတ်လွတ်လပ်လပ် စိုက်ပျိုး ရောင်းချနိုင်တယ် ဆိုပြီး ခွင့်ပြုလိုက်တယ်။
အဲ့ဒီမတိုင်ခင်တုန်းကတော့ ရော်ဘာစိုက်တဲ့သူတွေက ကိုတာနဲ့ အစိုးရကို ရောင်းရတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ နိုင်ငံခြား တင်ပို့မှုကို အစိုးရက ထိန်းထားတယ်။ Export ကို ဘယ်လို ထိန်းထားလဲ ဆို‌တော့ ၄၅-၅၅ ဆိုတဲ့ စနစ် တစ်ခုနဲ့၊ အဲ့ဒါက ဘယ်လိုလဲဆိုတော့ နိုင်ငံခြား တင်ပို့မယ့် ကုန်သည်တွေက သူတို့ တင်ပို့မယ့် ရော်ဘာရဲ့ (၄၅) ရာခိုင်နှုန်းကို အစိုးရကို ရောင်းရမယ်၊ (၅၅) ရာခိုင်နှုန်းကိုပဲ နိုင်ငံခြားကို တင်ပို့ ရမယ်ဆိုပြီးတော့ ကန့်သတ် ထားတာ ရှိခဲ့တယ်။ အဲ့ဒီတုန်းက မြန်မာ့နှစ်ရှည်က သတ်မှတ်တဲ့ ဈေးနဲ့ မြန်မာ့နှစ်ရှည်ကိုပဲ ရောင်းရတယ်။ အဲ့ဒါကို ၂၀၀၄-၀၅ မှာ လုံးဝ လွှတ်လိုက်တယ်။
အဲ့ဒီလို လွှတ်လိုက်တဲ့ အချိန်မှာ နိုင်ငံတော် အစိုးရကနေ မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေးကောင်စီ ဆိုတာကို ဖွဲ့လိုက်တယ်။ အဲ့ဒီချိန်မှာ ကမ္ဘာ့ ရော်ဘာဈေးကလည်း တက်တယ်၊ မြေရိုင်းတွေကလည်း လျှောက်ရင် လျှောက်သလို ရတဲ့အချိန်မှာ အံ့ဩလောက် အောင်ကို ရော်ဘာကို စိုက်ကြတယ်။ အဲ့ဒီလို အရမ်းကြီး စိုက်လာ ကြပေမယ့် မြန်မာနိုင်ငံမှာ Rubber Law မရှိတော့ စိုက်ချင်သလို စိုက်ကြတယ်။ လူတော်တော် များများက မျိုးသေချာ ရွေးပြီး စိုက်ရမယ် ဆိုတာကို မသိဘူး။
မြန်မာ့ရော်ဘာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ
MRPPA အသင်း ကို ၂၀၀၅ မှာဖွဲ့ပြီးနောက် International Rubber Research and Development Board (IRRDB) ဝင်ရန်အတွက် ၂၀၀၆ ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မှာပြုလုပ်တဲ့ IRRDB နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်တင်ပြ ဆွေးနွေးခဲ့တယ်။ အစည်းအဝေးက လက်ခံ အတည်ပြုလိုက်တဲ့အတွက် MRPPA အသင်းဟာ ၂၀၀၇ ခုနှစ်ကစပြီး IRRDB ဘုတ်အဖွဲ့ဝင်ဖြစ်လာခဲ့တယ်။
IRRDB ဟာ Inter- governmental Organizational မဟုတ်ပါ။ ဆိုလိုတာက အစိုးရ‌တွေမှသာဝင်လို့ရတဲ့အဖွဲ့မျိုးမဟုတ်ပါ။ နိုင်ငံအသီးသီးရဲ့ ‌ရော်ဘာသုတေသနဌာန‌တွေ ‌အပြင် အစိုးရမဟုတ်တဲ့ ရော်ဘာအသင်းအဖွဲ့ တွေလည်း ဝင်လို့ရတယ်။ သတ်မှတ်နှစ်စဉ်ကြေးလည်းပေးရတယ်။ လက်ရှိ IRRDB ဘုတ်အဖွဲမှာ နိုင်ငံ ၂၀ က ရော်ဘာသုတေသနဌာနတွေ ရော်ဘာအသင်းအဖွဲ့တွေ အဖွဲ့ဝင်ထားတယ်။
IRRDB က နှစ်စဉ် အဖွဲ့ဝင်နိုင်ငံတွေမှာ လှည့်ကာ သုတေသနစာတမ်းတွေဖတ်ကြားဆွေးနွေးတဲ့ International Rubber Conference (IRC) နဲ့ IRRDB နှစ်ပတ်လည်အစည်းအဝေး လုပ်ကြတယ်။ MRPPA အသင်းအနေနဲ့ ၂၀၁၉ ခုနှစ်မှာ International Rubber Conference (IRC) စာတန်းဖတ်ပွဲကို နေပြည်တော်နဲ့ IRRDB နှစ်ပတ်လည်အစည်းအဝေးကို ပုဂံတို့မှာ အသီးသီးလက်ခံကျင်းပခဲ့တယ်။
မြန်မာပြည်မှာရော်ဘာအထွက်းနှုန်း နည်းနေတာက မျိုးမကောင်းတာ အဓိကဖြစ်နေတယ်။ မျိုးမကောင်း မျိုးမမှန်ရင် Good Agricultural Practices (GAP) စနစ်ကျင့်သုံးရင် အထွက်နှုန်း သိသိသာသာ တိုးမလာနိုင်ဘူ။ MRPPA က ပြောရင်းပြောရင်းနဲ့ နောက်ပိုင်းမှာ မျိုးကောင်း ရွေးချယ် ရမယ်ဆိုပြီးတော့ အတော်များများ သိလာကြတယ်။
ဒါပေမဲ့ မျိုးစစ်၏ မစစ်၏ ဆိုတာ ကတော့ သိပ်မသိ ကြသေးဘူး။ MRPPA ကနေ ဆော်ဩမှုတွေများလာတော့ နိုင်ငံတော်အစိုးရက ပျိုးခင်း မှတ်ပုံတင်ရမဲ့ ကိစ္စတွေကိုပါ လွှတ်တော်ထဲမှာ ဆွေးနွေး လာကြတယ်။ ပျိုးခင်းမှတ်ပုံတင်ခြင်းကိစ္စက ရှိပြီးသား ဖြစ်နေတဲ့အတွက် အဲ့ဒါကို ပြန်လုပ်သင့်တယ်လို့ တင်ပြတယ်။
Rubber မှာ Inter-Governmental Organization ဆိုတာတွေရှိတယ်။ MRPPA က ဝင်တဲ့ IRRDG ဆိုတာက Governmental Organization မဟုတ်ဘူး၊ ၂၀၀၇ လောက်မှာ ကျွန်တော်တို့ ဝင်ဖြစ်သွားတာ။ နောက်တစ်ခုက IRSG (International Rubber Study Group) ဆိုတဲ့ Inter-Governmental Organization ရှိတယ်။ IRSG ဆိုတာ ၁၉၄၄ ခုနှစ်မှာတည်ထောင်ခဲ့ပြီး သူ့ရဲ့မူလရုံးက UK မှာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ် ခန့်မှာ Singapore ကို ပြောင်းလိုက်တယ်။
မြန်မာ အစိုးရက လွတ်လပ်ရေး မရခင်ကတည်းက IRSG ရဲ့ အဖွဲ့ဝင်ဖြစ်တယ်။ မြန်မာပြည်က အင်္ဂလိပ် လက်ထက် ကတည်းကနေ ရော်ဘာ အစောဆုံး စိုက်တဲ့အတွက် ၁၉၄၄ မှာ ကတည်းက မြန်မာအစိုးရက IRSG ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့တာ။ အဲ့ဒီအသင်းက အစိုးရဖြစ်မှသာ ဝင်လို့ရတာ။ ၁၉၄၄ မှာ အသင်းဝင် ပြီးတော့ ၁၉၉၇ ဈေးကွက် စီးပွားရေး လုပ်နေတဲ့ အချိန်မှာ မြန်မာအစိုးရက အဲ့ဒီအသင်းကနေ ထွက်လိုက်တယ်။ အဲ့ဒီအသင်းက နှစ်စဉ်ကြေး ပေးရတာ၊ မြန်မာ အစိုးရက ဘာမှ အကျိုးမှ မရှိဘူး မပေးတော့ဘူး ဆိုပြီး ထွက်လိုက်တာ။ နှစ် ၅၀ ပြည့်တော့ ထွက်လိုက်တယ်။
မြန်မာ့အစိုးရက အဲ့ဒီအချိန်မှာ Inter-Governmental Organization တွေမှာ တစ်ခုမှာမှ မပါတော့ဘူး။ နောက်ပိုင်းကျ ကျွန်တော်တို့က ANRPC (Association of Natural Rubber Producing Country) ကို ဝင်သင့်တယ် ဆိုပြီး အစိုးရကို တင်သွင်း ဖူးတယ်။ အဲ့ဒီမှာ လွှတ်တော်မှာ နိုင်ငံတော် အစိုးရ အနေနဲ့ ANRPC ဝင်သင့်တယ် ဆိုပြီး တင်သွင်းတော့မှ ၂၀၁၈ မှာ ANRPC အဖွဲ့ဝင်ဖြစ်တယ်။ အဲ့ဒီထက် တစ်နှစ်စောပြီး‌တော့ နိုင်ငံတော် အစိုးရက IRRDB မှာ အဖွဲ့ဝင်ဖြစ်တယ်။

Crd : #rubber_insight_series